Sunday, March 25, 2012 0 comments By: Unknown

သြ၀ါဒ (၅)


နေသလိုပဲ …
နေသလို ဖြစ်တဲ့ ဘ၀မှာ၊ ဖြစ်သလို မနေပါနဲ့။
ဖြစ်သလို နေတဲ့ သူဟာ၊ နေသလိုပဲ ဖြစ်နေမှာပါ။

ဘာမဆို …
အရှုံးခံ ဘ၀၊ အမုန်းသံသယ
ပြုံးရန် မလှသော်လည်း၊ ရုန်းကန် ကြမယ်ဆိုရင်
ဘာမဆို လူက ဖြစ်တာပါ။

အကျင့်ဆိုး ….
ကောင်းကျိုး မပြုတဲ့၊ ချုံနွယ်လို သစ်ပင်မျိုးတွေကို
ငယ်ရွယ်စဉ် ကတည်းက၊ နှုတ်ပစ်ရတယ်။
ထို့အတူပဲ …
မကောင်းတဲ့ အကျင့်ဆိုးတွေကို
ငယ်ရွယ်စဉ် ကတည်းက ဖျောက်ပစ်ရတယ်။
ကြီးမှဆိုရင် ဖျောက်ဖို့ မလွယ်တော့ဘူး။

ဝါကြွားသူ …
မကျင့်ဘဲနဲ့ … မမြတ်ချင်နဲ့
မသင်ဘဲနဲ့ … မတတ်ချင်နဲ့
မလုပ်ဘဲနဲ့ … မရချင်နဲ့
မဟုတ်ဘဲနဲ့ … မဟချင်နဲ့
မဆင်ဘဲနဲ့ … မလှချင်နဲ့
မသိဘဲနဲ့ … မ၀ါ(မပြော)ချင်နဲ့
မရှိဘဲနဲ့ … မကြွားချင်နဲ့
မတော်ဘဲနဲ့ … မ၀ယ်ချင်နဲ့။(အောင်ကျော်စံထားဆရာတော်)

သုည …
သုည-ကို အထင်မသေးနဲ့
သုည-ဟာ ၊ သူ့ဘာသာသူနေရင်
တန်ဖိုး မရှိပေမဲ့
သူ့ရှေ့မှာ လာတွဲတဲ့ ဂဏန်းကို
တန်ဖိုး မြင့်စေနိုင်တယ်။

လောကီနှင့်လောကုတ် …
အတတ်ပညာ သင်သောအခါ
ပစ္စည်းဥစ္စာ ရှာသောအခါတို့၌
မအို မနာ မသေ မည်ကဲ့သို့
အားထုတ် လုပ်ကိုင်ရမည်။
တရားအားထုတ်သော အခါ
ယခုပင် သေတော့မည်ကဲ့သို့
အားထုတ်ရမည်။ (ဟိတောပဒေသ)

သူတော်စင် နှလုံးသား ….
နုညံ့သော မှိုပွင့်သည်၊ ခက်မာသော မြေကိုဖောက်ထွင်းနိုင်တယ်။
နုညံ့ ပျော့ပြောင်းသော ရေသည်၊ 
ခက်မာ ကြမ်းတမ်းသော ကျောက်တောင်ကျောက်ခဲများကို 
သဲမှုံလေးများ ဖြစ်သွားအောင် တိုက်စားနိုင်တယ်။
ထို့အတူ …
သူတော်စင်၏ နုညံ့သော နှလုံးသားသည် 
လူမိုက်၏ ခက်ထန်ကြမ်းတမ်းသော နှလုံးသားကို နုညံ့သိမ်မွေ့လာစေနိုင်ပါတယ်။

အပြောကောင်း/အကောင်းပြော ....
လောကမှာ
အပြောကောင်းသူနဲ့၊ အကောင်းပြောသူလို့
နှစ်ဦးရှိတယ်။
တချို့က … အပြောကောင်း သလို
တချို့ကြတော့ အကောင်းပဲ ပြောတတ်တယ်။
ကဲ … သင်ကော
အပြောကောင်းသူလား
အကောင်း ပြောသူလား။

လောက၏ ခင်မင်မှု ….
ဆွေမျိုးဉာတိ ငွေမရှိက
ခင်မင်တရား လွန်ခေါင်းပါ၏။
လောကလူ့ရွာ ငွေမျက်နှာတည်း
လူကိုမခင်၊ ငွေကိုခင်၏။

ပိုဆိုးပါသည် …
သူတစ်ပါးကို ညာသောသူထက်
မိမိကိုယ်ကို ညာသောသူက ပိုဆိုးပါသည်။

သတ္တိ ….
အကျွန်ုပ်သည် အနာဂတ်ကို ထွင်းဖောက် စူးစမ်းနိုင်သော
တိုးတက် ကြီးပွားရေး ရေဒါများ
ကွန်ပျူတာ ရောင်ခြည် ကိရိယာများ မရှိပါ။
သို့သော …
အကျွန်ုပ်သည် မိမိ၏ အနာဂတ်ကို
မိမိဖြစ်စေလိုသည့် အတိုင်း ဖန်တီး ရယူနိုင်သည့်
သတ္တိ - ရှိသည်ဟူသော အချက်မှာ လုံးဝ သေခြာသော အချက်ဖြစ်သည်။

သူခိုး …
သူခိုးနှစ်မျိုးရှိတယ်
ပစ္စည်း သူခိုးနှင့်၊ အချိန်သူခိုး
ပစ္စည်း ခိုးသွားရင်၊ ပြန်ရှာလို့ ရတယ်
အချိန် ခိုးသွားရင်၊ ပြန်အစား မရနိုင်ဘူး
အချိန် သူခိုးတွေ၊ အနားအကပ်မခံနဲ့
ကိုယ်ကလည်း၊ အချိန်မခိုးနဲ့။(ဓမ္မဒူတဆရာတော်ကြီး)

သြ၀ါဒ (၄)


အချစ်စိတ် …
အချစ်စိတ်ဟာ
သာယာစရာ
ကြည်နူးစရာ ကောင်းတယ်
ထင်ရပေမယ်လို့
တစ်ခါတစ်လေတော့လည်း
မုန်းတိုင်းလိုလည်း၊ ပြင်းထန်တယ်
ရေတံခွန်လိုလည်း၊ အစီးသန်တယ်
မီးလိုလည်း၊ ပူပြင်းတယ်
မီးတောင်လိုလည်း၊ ပေါက်ကွဲနိုင်တယ်
ဝင်္ကပါလိုလည်း၊ ကွေ့ကောက်တတ်တယ်။

ချမ်းသာတယ်ဆိုတာ …
စိတ်ချမ်းသာတယ် ဆိုတာ
ပေါများမှ ချမ်းသာတာလား
ငွေအများကြီး ရှိမှ၊ ချမ်းသာတာလား
ဒီလိုလည်း မဟုတ်သေးဘူးလေ
လောကမှာ …
တင်းတိမ် ရောင့်ရဲတတ်မှ
ချမ်းသာတာပါ။

ဝေးသွားမယ် …
တစ်ခါဆုံးရှုံ ဖူးလို့
နောက်ကို ခြေတစ်လှမ်း၊ ပြန်ဆုတ်မိရင်
အောင်မြင်မှုနဲ့၊ ဆယ်လှမ်းလောက်
ဝေးသွားတတ်ပါတယ်။

စိတ်ကူး …
မင်းစည်းစိမ်ကို
မင်းသားကသာ၊ စိတ်ကူးသည်
ဒွန်းစဏ္ဍားကား၊ အမှတ်မရ
ရဟန္တာအဖြစ်ကို
သူတော်ကောင်းကသာ၊ စိတ်ကူးသည်
မသူတော်တို့ကား၊ သတိပင် မရ။ (ပထမရွှေကျင်ဆရာတော်)

နက်ဖြန် ….
သင့်မှာ ရှိတာနဲ့ပဲ၊ သင်ရှိတဲ့ နေရာက
အတတ်နိုင်ဆုံး၊ ကြိုးစား အလုပ်လုပ်ပါ။

ယနေ့ …
သင်ဘာတိုးတက် လာပြီလဲ
နက်ဖြန်ဟာ၊ ယနေ့ထက်
ပိုးကောင်း စေရမယ်။

ဇရာနှင့်ယှဉ်၍ ….
သင့် .. အသက်တွေကြီးနေပြီ
လောဘ ဒေါသ မောဟတွေ၊ ကြီးနေတုန်းပဲလား။
သင့် .. သွားတွေ ကျိုးနေပြီ
မာန် မာနတွေ မကျိုးသေး ဘူးလား။
သင့် .. အသားတွေ တွန့်နေပြီ
မကောင်းမှုမှ မတွန့်သေး ဘူးလား။
သင့် .. အားအင်တွေ လျော့ပါးနေပြီ
သင့်တဏှာ ဆန္ဒတွေ မလျော့ပါးသေး ဘူးလား။
သင့် .. ဆံပင်တွေဖြူနေပြီ
သင့် စိတ်ထားတွေ မဖြူသေးဘူးလား။
သင့် .. မျက်စိတွေ မှုန်ဝါးနေပြီ
သင့် နိဗ္ဗာန်လမ်းရော မှုန်ဝါးတုန်းပဲလား။

သြ၀ါဒ (၃)

ဘ၀ဆိုတာ …
အဆင်ပြေမှု မရှိလှတဲ့
တဒင်္ဂ အစိတ်အပိုင်းလေးမှာ
စိတ်အလိုလိုက်ပြီး မိုက်နေမယ်ဆိုရင်
ဘ၀-ကမ္ဘာလေးထဲမှာ
လ-မသာ၊ ကြယ်-မခတဲ့
လကွယ်ညလေး ဖြစ်သွားမှာပေါ့
ရောက်တဲ့အရပ်မှာ ပျောင်အောင်နေ
တွေ့တဲ့သူနဲ့ တဲ့အောင်ပေါင်း
ဒါဆိုရင် .. ဘ၀ဆိုတာ ပျော်စရာကြီးပေါ့။

အဓိက …
လူ့ဘ၀မှာ အ၀တ်အစားထက်၊ မျက်နှာထားက အဓိကပါနော်။

ဒီလောက …
ကျေးဇူးပဲ .. ဆိုတဲ့ အပြုံးလေးတစ်ခုနဲ့
ကျေနပ်ခဲ့ရပေါင်းလည်း များလှပြီ။
ကူညီပါ .. ဆိုတဲ့စကားလေး တစ်လုံးနဲ့
ညာခိုင်းခံရပေါင်းလည်း များလှပြီး။
နက်ဖြန်ခါ .. ဆိုတဲ့ ချိန်းဆိုမှုတွေကိုလည်း
စောင့်ခဲ့ရပေါင်းလည်းများလှပြီ။
သည်းခံပါ ..ဆိုတဲံ တောင်းပန်မှုတွေကိုလည်း
ခွင့်လွှတ်ခဲ့ရပေါင်း များလှပြီး။
ခဏလေးပါ .. ဆိုတဲ့ ငှါးရမ်းမှုတွေကြောင့်
ဆုံးရှုံးခဲ့ရပေါင်းလည်းများလှပြီ။
ဒါကြောင့်လားမသိ အကျွန်ုပ်၏ အရေပြားများ ထူလွန်းအားကြီးလို့ 
ဆူးသွားနဲ့ ထိုးလည်း မပေါက် အပ်ကိုပင် ကောက်စေခဲ့ပြီ။

အမိန့် …
သင် ... အမိန့်ကို ကောင်းစွာ နာခံတတ်မှ
သင် … အမိန့်ပေးသူအဖြစ်သို့ ရောက်နိုင်မည်။

အာဇာနည် …
စိတ်အားငယ်ခြင်းသည်၊ ဆုံးရှုံးခြင်း၏ အကြောင်းသာတည်း။
ဒုက္ခကို သည်းခံခြင်းသည်၊ သုခကို ရခြင်း၏ အကြောင်းသာတည်း။
ရင်ဆိုင်နေရသော ဒုက္ခမှ လွတ်မြောက်အောင် ကြိုးစားခြင်းသည်
အာဇာနည် ပုဂ္ဂိုလ်တို့၏ စိတ်ထားသာတည်း။

သူတော်ကောင်း …
သူတော်ကောင်း၊ မကောင်းကောင်း
ကိုယ်က ကောင်းလိုက်စမ်းပါ။
သူတော်တော် မတော်တော်
ကိုယ်က တော်အောင်နေလိုက်စမ်းပါ။
ကိုယ်ကိုယ်တိုင်က တော်ပြီး
ကောင်းတဲ့သူဖြစ်မှ သူတော်ကောင်းဖြစ်မယ်။ (ဓမ္မဒူတဆရာတော်ကြီး)

မှတ်ထားပါ …
လှူတိုင်းလာ၊ သဒ္ဓါပျက်မည်မှတ်။
ကြုံတိုင်းဝင်၊ အမြင်ကပ်မည်မှတ်။
ပေါင်းတိုင်းယုံ၊ ငွေကုန်တတ်မည်မှတ်။
များတိုင်းသုံး၊ အိမ်လုံးကုန်မည်မှတ်။
ကောင်းတိုင်းစား၊ ဘေးများသင့်မည်မှတ်။

သြ၀ါဒ (၂)

လောကလူ့ဘောင် ….
-ရယ်ရယ်မောမော၊ ၀င်ကာနှောတော့
လူပေါကြီးဟု၊ ဆိုကြသည်။
-အရောမ၀င်၊ တည်နေလျှင်လည်း
မာနကြီးသည်ဟု၊ ဆိုကြသည်။
-ခေါ်ထူးမေးဖြေ၊ မှန်မှန်နေက
ဆိုလေအတင်း၊ ကုတ်ကမြင်းတဲ့။
-လောကလူ့ဘောင်၊ မလွယ်ပေါင်
အမောင်ဘယ်သို့၊ နေရမည်။

စုမိရာ …
-မြေမှုန့်များစွာ၊ စုမိရာ
သေလာတောင်ကြီးဖြစ်။
-ရေမှုန့်များစွာ၊ စုမိရာ
အဏ္ဏ၀ါပင်လယ်ကြီးဖြစ်။
လေမှုန့်များစွာ၊ စုမိရာ
မဟာမုန်တိုင်းကြီးဖြစ်။
-ပညာများစွာ၊ စုမိရာ
မဟာပဏ္ဍိကြီးဖြစ်။
-ရွှေငွေများစွာ၊ စုမိရာ
မဟာသူဌေးကြီးဖြစ်။

ပြိုင်မယ် …
အပြိုင်အဆိုင်၊ လောကကြီးမှာ
ရောက်နေတော့ ကိုယ်လည်း
ပြိုင်ပွဲဝင်နေရအုံးမှာပဲ။
ပြိုင်တဲ့အခါ ပြိုင်တတ်ဖို့လိုတယ်။
မနေ့ကငါနှင့် ဒီနေ့ငါ
မနှစ်ကငါနှင့် ဒီနှစ်ငါ
ပိုတော်လာအောင် ပြိုင်ရမယ်။
သူများနဲ့ မပြိုင်နဲ့
ကိုယ်နဲ့ ကိုယ်သာပြိုင်ပါ။ (ဓမ္မဒူတဆရာတော်ကြီး)

အောင်မြင်ရေးဂါထာ …
လောကမှာ အောင်မြင်တဲ့
ပုဂ္ဂိုလ်ဖြစ်ချင်ရင်
ဂါထာပေးလိုက်မယ်
ဥုံ-မပျင်းနဲ့
အခုလည်း မပျင်းနဲ့
နောင်လည်း မပျင်းနဲ့
ဘယ်တော့မှ မပျင်းနဲ့။ (သာမညဆရာတော်ကြီး)

စိတ်ပျက် …
စီးပွားရေးတွေ ပျက်နေသလား ?
အိမ်ထောင်ရေးတွေ ပျက်နေသလား ?
ကျန်းမာရေးတွေ ပျက်နေသလား ?
စိတ်တော့ မပျက်စေနဲ့နော် …။
လောကမှာ …
အပျက်တကာ အပျက်ထဲ
စိတ်ပျက်တာ အဆိုးဆုံးပဲ။

သြ၀ါဒ (၁)

ရှေးရှု …
-တက်လာသော နေ၀န်းဟာ၊
နောက်မဆုတ်ဘဲ၊ ၀င်ခြင်းသို့ ရှေးရှုသွား၏။
-တောင်ကျ ချောင်းရေဟာ၊ ဆုတ်နစ်ခြင်း မရှိဘဲ၊
 တောင်အောက်သို့ စီးဆင်းသွား၏။
-ထို့အတူ .. မွေးဖွားလာခြင်းဟာလည်း၊
 နောက်ဆုတ်ခြင်းမရှိဘဲ၊ သေခြင်းသို့ ရှေးရှုသွား၏။

လောကဓံ …
-မုန်းချစ်နှစ်တန်၊ လူတို့ထံဝယ်၊ အမှန်သဘော၊ မရှိသောရှင့်။
-လောကီအစုတ်၊ လူတို့နှုတ်ကား၊ မဟုတ်လည်းပြော၊ ဟုတ်လည်းပြော၏။
-ကောင်းဆိုနှစ်တန်၊ လောကဓံကို၊ ခံနိုင်သူမှ၊ လူတော်ကွ။

သူလို ငါလို …
သူလို ငါလို သွား၊ 
သူလို ငါလို စား၊ 
သူလို ငါလို လုပ်၊ 
သူလို ငါလို ပြော၊ 
သူလို ငါလို နေထိုင်ကြရင်၊ 
သူလို ငါလိုထဲက ထွက်နိုင်ကြမည် မဟုတ်၊ 
လိုသလောက် မရနိုင်ကြသော်လည်း 
လုပ်သလောက်တော့ ရနိုင်သည်။ (ရွှေပေါ်ကျွန်းဆရာတော်)

မကြည့်နဲ့ …
-ရေကန်၌၊ မှော်ကိုဖယ်၍၊ သောက်ရေ ခပ်ရသည်၊ 
မသူတော်၌ အပြစ်ကိုဖယ်၍၊ ဂုဏ်ကောင်း ရှာရမည်။
-တုံးတံတား လျှောက်စဉ်၊ အရပ်တစ်ပါး မကြည့်နဲ့၊ ချောက်သို့ကျလိမ့်မည်။
-သံသရာတံတား၊ လျှောက်စဉ်၊ 
သူတစ်ပါး အပြစ် မကြည့်နဲ့၊ သံသရာချောက်သို့ ကျလိမ့်မည်။ (ပထမေ၇ွှကျင်ဆရာတော်)

သွေးတဲ့ဓား …
သွေးတဲ့ဓားမှ ထက်တာပါ၊ 
လူဟာလည်း အလုပ်များများလုပ်မှ
ထက်မြက်ပါတယ်။
မသုံးတဲ့ဓားဟာ ကြာကြာထားရင် တုံးသတဲ့၊ 
လူဟာလည်း အလုပ်မလုပ်ဘဲ ကြာကြာနားရင်၊ အရေအသွေး ကျတာပါဘဲ။

သတ္တိရှင် …
သိသမျှ ပြောခြင်းထက်၊ 
စွမ်းနိုင်သလောက်၊ ထိထိရောက်ရောက် လုပ်ခြင်းက၊ 
သတ္တိရှင် ပီသသည်၊ 
အမှားကို ပြုပြင်ခြင်းသည်၊ 
မည်သည့်အခါမျှ၊ အချိန်နှောင်းသည်၊
 နောက်ကျသည်ဟု မရှိပါ။ 
ချစ်စရာအကောင်းဆုံးသည် ကိုယ်သာဖြစ၍၊ 
မုန်းစရာ အကောင်းဆုံးသည်လည်း၊ 
ကိုယ်သာဘဲဖြစ်သည်။ (ယောဆရာတော်)

ပျက်တတ်သည် …
မနှင့်ဘုန်းကြီး၊ အတူနီး
ဘုန်းကြီး မကြောင့်၊ ပျက်တတ်သည်။
ငွေနှင့်ဘုန်းကြီး၊ အတူနီး
ဘုန်းကြီးငွေကြောင့်၊ ပျက်တတ်သည်။
ပျိုရွယ်သမီး၊ ကျွန်နှင့်နီး
သမီး ကျွန်ကြောင့်၊ ပျက်တတ်သည်။
မတ်နှင့်မရီး၊ အတူနီး
မရီးမတ်ကြောင့်၊ ပျက်တတ်သည်။
ဆားနှင့် ချဉ်သီး၊ အတူနီး
ချဉ်သီး ဆားကြောင့်၊ ပျက်တတ်သည်။။