အမေမှာမယ် …
သားရယ်လူလေး၊ ပညာရေးကို
လေးလေးစားစား၊ ကြိုးစားသင်ပါ။
ချမ်းသာ၊ ဆင်းရဲ၊ ဒုက္ခ၀ဲကို
ဇွဲနှင့်ကျော်နင်း၊ အပျင်းကိုဖျောက်
ကြောက်စိတ်ကိုဖယ်၊ လောကလယ်မှာ
ငယ်စဉ်ကမူ၊ အပျင်းထူလျှင်
လူလေးဘ၀၊ အောက်တန်းကျ၍
မလှမပဖြစ်လိမ့်မယ်။
အမေမှာမယ် …
သားရယ်လူလေး၊ တွေးတောဆင်ခြင်
သတိယှဉ်လော့၊ ၀င်္ကဣတ္ထိ
ကျမ်းရှိအလာ၊ လေးဖြာဆယ်လီ
လိမ်လည်ပြကွက်၊ မျက်လှည့်မာယာ
ခြင်းရာပြလို၊ တေးဆို၊ ငို ၊ မဲ့
ရိသဲ့သဲ့ပြုံး၊ တစ်ကိုယ်လုံးလှုပ်
မျက်ခုံးချီချ၊ တစ်ရွရွနှင့်
ဖွင့်ဟနှုတ်ခမ်း၊ ရယ်သွမ်းပြုံးရွှင်
မမြင်မြင်အောင်၊ ကိုယ်အင်္ဂါပြ
ထကြွရမ္မက်၊ ဓားသွားထက်မှ
ပျားစက်ပမာ၊ မူယာနွဲ့နှောင်း
ဖြားယောင်းတွယ်ရစ်၊ အချစ်နှင့်အလွမ်း
ယုယနမ်းရှိုက်၊ ဖမ်းစားမှုနောက်
ကွေ့ကောက်သားလိုက်၊ မမိုက်စေချင်
ငယ်စဉ်အခါ၊ ပညာရှာမှီး
ဤခရီးလမ်း၊ မပြီးဆုံးခင်
သံယောဇဉ်ချစ်မီး၊ သောကကြီး၏
ဖိစီးမှုအောက်၊ ငါ့သားရောက်၍
သားလျှောက်သည့်လမ်း၊ သားရည်မှန်းချက်
လမ်းတစ်ဝက်တွင်၊ ပန်းမ၀င်မီ
နေ၀င်သွားမှာ စိုးရိမ်တယ်။
(မူရင်း = မြတ်လေးနွယ်မောင်/ပန်းတိုင်းတော) (ဒေါ်ခင်ကြည်မြင့်/ပခုက္ကူ)
0 comments:
Post a Comment