အင်းဝခေတ်က ဘကြီးတော်မင်းတရားကြီး မရှိသည့်နောက်၌ သာယာဝတီမင်းနှင့် နန်းမတော်မယ်နုတို့ အာဏာလုပွဲတွင် နန်းမတော်မယ်နု ရှုံးနိမ့်ခဲ့ပြီးနောက်၌ ရေမြှုပ်အဆုံးစီရင်ခြင်းကို ခံရတော့မည့်နေ့၌ အုတ်ကျောင်းဆရာတော် (ညောင်ကန်ဆရာတော်ဦးဗုဓ်)ထံ သွားရန်ခွင့်ပန်၍ နန်းမတော်မယ်နုက စာရေးကာ ကျမ်းပြုနေသော အုတ်ကျောင်းဆရာတော်အား ဆရာတော်ဘုရား တပည့်တော်မ ကျောင်းအမ မယ်နုပါ၊ ညနေစောင်းပါက သာယာဝတီမင်းတို့က တပည့်တော်မကို အဆုံးစီရင်တော့မှာပါ၊ ဒါကြောင့် သေမင်းကို ရင်ဆိုင်ရဲသော တရားတစ်ပုဒ်လောက် ဟောကြားပေးတော်မူပါဘုရား-လျှောက်ထားသည်။
ဆရာတော်က သူ့ကြွေးရှိက ဆပ်ရလိမ့်မည်-ဟုတစ်ပုဒ်တည်း၊ တစ်လုံးတည်းသောတရားကို ဟောကြားလိုက်သည်။ ထိုတရားဖြင့်ပင် အုတ်ကျောင်းအမ နန်းမတော်မယ်နုသည် ဖော်ပြပါတရားများနှင့် ရင်းနှီးပြီးဖြစ်ရာ ဘယ်သူမပြု မိမိမှု-ဟု သိ၍ သေမင်းကို အပြုံးဖြင့် ရင်ဆိုင်နိုင်ခဲ့သည်။ သတ္တ၀ါတို့ မျက်မှောက်ဖြစ် ပျက်မှုများကား ရှေးကပြုခဲ့သောကံ၏ အမွေများကို ခံကြရ၊ စံကြရခြင်းဖြစ်၍ ဘယ်သူမပြု မိမိမှု-ဟုဆိုကြရသည်။ နောင်အနာဂတ်ကာလ၌ ဖန်တီးရှင်ကား ကိုယ်ပင်ဖြစ်၍ ကောင်းသောကံကိုသာ ဖန်တီးသင့် ပြုလုပ်သင့် လှပေသည်။
(အရှင်တေဇနိယ/ပဋ္ဌာန်းအလင်းရောင်ဆရာတော်)
0 comments:
Post a Comment