ကွယ်လွန်သူအတွက် အမျှရနိုင်သောဘုံနှင့် အမျှမရနိုင်သောဘုံဟူ၍ နှစ်မျိုးရှိ၏။ ထိုတွင် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ လူ့ဘုံ၊ နတ်ဘုံ- တို့သို့ရောက်သွားလျှင် ဤဘ၀ကပေးသော အမျှကို သာဓုမခေါ်နိုင်တော့ပေ။ သို့သော် မိမိရည်စူးသူ မရသော်လည်း၊ ဘ၀အဆက်ဆက် ကဆွေမျိုးတော်စပ်ခဲ့ဖူးသည့် မကျွတ် မလွတ်သေးသော ဆွေဟောင်းမျိုးဟောင်းများ သာဓုခေါ်နိုင်သည့်အတွက် ကောင်းကျိုးရှိသည်သာ။
သာဓုခေါ်နိုင်သောဘုံကား ပြိတ္တာဘုံသာဖြစ်၏။ အပါယ်(၄)ဘုံတွင် အသူရကယ် ဘုံသည် ပြိတ္တာအကြီးစားပင်ဖြစ်၍ ပြိတ္တာဘုံထဲ အကျုံးဝင်သည် ဟုသိနိုင်သည်။
ပြိတ္တာ ၄-မျိုး
၁။ ပရဒတ္တူပဇီဝိက ပြိတ္တာ။
၂။ ဥပ္ပိပါသိက ပြိတ္တာ။
၃။ နိဇ္ဈာမတဏှိက ပြိတ္တာ။
၎။ ကာလကဉ္စိက ပြိတ္တာ။
သူတစ်ပါးတို့ ပေးအပ်သောအစာကို အမှီပြု၍ အသက်ရှင်ရသော ပြိတ္တာကို ပရဒတ္တူပဇီဝိကပြိတ္တာ -ဟုခေါ်သည်။
ထမင်းငတ်ခြင်း ရေမွတ်သိပ်ခြင်းဖြင့် မပြတ်အနှိပ်စက်ခံနေရသော ပြိတ္တာကို ဥပ္ပိပါသိကပြိတ္တာ -ဟုခေါ်သည်။
အမြဲတမ်းလောင်ကျွမ်းခံနေရသဖြင့် ပူပန်ခြင်းရှိသော ပြိတ္တာကို နိဇ္ဈာမတဏှိက ပြိတ္တာ -ဟုခေါ်သည်။
အသူရကာယ်ဟု အသီးအခြားခေါ်ဝေါ်အပ်သော ပြိတ္တာ အသူရကာယ်ကို ကာလကဉ္စိက ပြိတ္တာ -ဟုခေါ်သည်။
ပြခဲ့ပြီးသော ပြိတ္တာ(၄)မျိုးတွင်လည်း သေချာပေါက်ရနိုင်သော ပြိတ္တာမျိုးသည် ပရဒတ္တူပဇီဝိကပြိတ္တာ မျိုးပင်ဖြစ်သည်။ ရိုးရိုးပေးလှူရာ၌ အလှူခံပုဂ္ဂိုလ် ရွေးနေစရာမလို သော်လည်း တမလွန်က လူအတွက် ရည်စူး၍ လှူရာ၌ကား အလှူခံပုဂ္ဂိုလ်ကို ရွေးရ၏။
(စူဠသေဋ္ဌိပေတ၀တ္ထု - ပေတ၀တ္ထုပါဠိတော်)
0 comments:
Post a Comment