ဟိုးရှေးရှေးတုန်းက
နတ္ထိကျွန်းဆိုတဲ့ ကျွန်းကြီးတစ်ကျွန်းရှိသတဲ့။ အဲသည်ကျွန်းကြီးရဲ့ ထူးခြားချက်က ဘာမှမရှိတဲ့
သူ့ကို လူချမ်းသာလို့သတ်မှတ်ပြီး ပိုင်ဆိုင်မှုအများကြီး ရှိခဲ့သူကို သူဆင်းရဲလို့ သတ်မှတ်ထားကြတာပေါ့။
အဲသည် နတ္ထိကျွန်းကြီးမှာ ရောင်းဝယ်ဖောက်ကားကြတဲ့အခါ ငွေကိုအသုံးမပြုကြဘဲ မရှိမှုကိုသာ
တန်ဖိုးသတ်မှတ်ပြီး အသုံးပြုကြသတဲ့။
ကိုယ်ဝတ်ချင်တာရှိရင်
မရှိမှုနဲ့သာ ပေးဝယ်ဝတ်ကြရတယ်။ ကိုယ်စားချင်တာရှိရင်လည်း မရှိမှုနဲ့သာ ပေးဝယ်စားကြရတယ်။
ခြေနင်းစကြာ၊
စီးတော်ယာဉ်၊ အိမ်ဂေဟာ၊ မဉ္ဇူသကနတ်ပန်း ထမင်းအဖျော်ကစ စည်းစိမ်အားလုံးကို မရှိမှုနဲ့သာ
ပေးဝယ်ကြရသတဲ့၊ မရှိမှုတန်ဖိုးများလေလေ ဇိမ်ခံပစ္စည်းကောင်းကောင်း ရလေပေါ့။
ဥပမာ
- ပန်းသီးတစ်လုံး စားချင်တယ်ဆိုရင် ဒေါင်းတောင်မပါတဲ့ ကလောင်တစ်လက် ပေးမှရပြီး စိန်နားကပ်တစ်ရန်
ဆင်ချင်တယ်ဆိုရင်တော့ မျက်ရည်မထွက်တဲ့ မျက်လုံးတို့၊ ရယ်သံမပါတဲ့လည်ချောင်းတို့ ပေးဝယ်မှ
ရနိုင်ရဲ့။ အသိဉာဏ်မရှိတဲ့ ဦးနှောက်တို့၊ သတ္တိမရှိတဲ့ စိတ်ဓာတ်တို့၊ မေတ္တာကင်းမဲ့တဲ့
နှလုံးသားတို့ ဆိုရင်တော့ တန်ဖိုးကြီးကြီး ပစ္စည်းမျိုးစုံ ရနိုင်တာပေါ့။
ဟိုတလောတုန်းကတောင်
အမြင်မရှိတဲ့ မျက်လုံးနဲ့ပေးဝယ်မှရမယ့် နောက်ဆုံးပေါ် အတွေးအခေါ် စာအုပ်တစ်အုပ်ကို မောင်းကြေးနင်းခတ်ကြော်ငြာသွားသေးတယ်။
(နားစည်မရှိတဲ့ နားရွက်တစ်ဖက် ပေးမယ်ဆိုရင် ဗျပ်စောင်းကောင်းကောင်း တစ်လက်ရနိုင်ရဲ့။)
တစ်ခါတလေ
နတ္ထိကျွန်းကြီးပေါ်မှာ ကြည့်ချင်ပွဲတွေဖြစ်တဲ့ မြေ၀ိုင်းပြဇာတ်တို့ တစ်ခန်းရပ်ထိုးဇာတ်တို့၊
အလမ္မာယ်ပြပွဲတို့၊ မျက်လှည့်လက်လှည့်တို့ လေးတော်တင်ပွဲတို့ ကြည့်ချင်တယ်ဆိုရင်တော့
အသံမထွက်တဲ့ ပလွေတစ်လက် ပေးချင်ပေး၊ ဒါမှမဟုတ် အဓိပ္ပါယ်မရှိတဲ့ ပေထုပ်တစ်ထုပ်တို့၊
အနှစ်သာရမရှိတဲ့ ကျမ်းကြီးတစ်ကျမ်းတို့ ပေးပြီးမှ ၀င်ကြည့်ခွင့်ရသတဲ့။
အဲသည်
နတ္ထိကျွန်းကြီးပေါ်မှာ ကျွန်းသူကျွန်းသားတွေ တစ်ယောက်နဲ့တစ်ယောက် လမ်းမှာတွေ့ကြ ရင်
နိုး နိုး နိုး၊ ဒါမှမဟုတ် နော့ နော့ နော့၊ ဒါမဟုတ် နပ်သင်း နပ်သင်း နပ်သင်း-လို့လက်အုပ်ကလေးတွေချီပြီး
နှုတ်ဆက်တတ်ကြသတဲ့။
အဲဒီကျွန်းကြီးပေါ်မှာ
ကဗျာစာဆိုမိသားစုလည်း ရှေးပဝေဏီကတည်းက နေထိုင်လာခဲ့ကြတယ်။ ကဗျာစာဆိုမှာ နွေမိုးဆောင်းပန်းတွေအမြဲပွင့်တဲ့
ဥယျာဉ်ကြီးတွေ၊ သစ်သီးခြံကြီးတွေ၊ ရေလှိုင်းတွေ၊ အုန်းပင်တန်းတွေနဲ့ လှပတဲ့ ပင်လယ်ကမ်းစပ်တွေ၊
မိုးတိမ်တွေ၊ လရောင်တွေ၊ ရှေးဟောင်းအနုပညာ အမွေအနှစ်တွေ မရေမတွက်နိုင်တဲ့ သယံဇာတတွေ
ပိုင်ဆိုင်ထားလေတော့ နတ္ထိကျွန်းကြီးပေါ်မှာ သူ့ဘ၀ဟာ အဆင်းရဲဆုံး ဖြစ်နေတော့တာပေါ့။ နောက်ပြီး
ကဗျာစာဆိုအတွက် ပိုပြီးကံဆိုးနေတာက ကဗျာစာဆိုမှာ ကိုယ်လက်အင်္ဂါတွေ၊ ခံစားချက်တွေ၊ အကုန်လုံး
ပြည့်စုံနေတာပဲ၊ အဲဒီလို အကုန်လုံး ပြည့်စုံနေလေတော့ မရှိမှုနဲ့ ပေးမှ လိုတာဝယ်လို့ရနိုင်တဲ့
နတ္ထိကျွန်းကြီးပေါ်မှာ ကဗျာစာဆိုအတွက် အခက်အခဲပိုပြီး ကြီးမားနေတော့တာပေါ့။
(သိပ်မကြာခင်ကလည်း
အသည်းတစ်ခြမ်း။ ကျောက်ကပ်တစ်လုံးနဲ့ ကိုယ်ချင်းစာတရား သုံးပုံနှစ်ပုံမရှိတဲ့ သကောင့်သားတစ်ယောက်က
နတ္ထိကျွန်းကြီးရဲ့ တစ်ပင်တိုင်မင်းသမီးလေးအတွက် ကြင်ယာတော်အဖြစ် ရွေးချယ်တင်မြှောက်ခံရတယ်။)
ဒီလိုနဲ့
ကဗျာစာဆို မိသားစုဟာ မကုန်ခမ်းနိုင်တဲ့ ပစ္စည်းတွေနဲ့ နတ္ထိကျွန်းကြီးပေါ်မှာ ဆင်းဆင်းရဲရဲ
နေလာလိုက်တာ တစ်နေ့ကျတော့ အပူအအေးမညီမျှပြီး သူ့သားကလေး မကျန်းမမာဖြစ်ရှာပါလေရော။ ကလေးက
ချောင်းတွေဆိုး၊ နှာတွေစီး၊ ကိုယ်တွေပူပြီး၊ အဖျားတက်လာလိုက်တာ ကဗျာစာဆိုရဲ့ ရင်သွေးလေးကို
သမားတော်ကြီးဆီ အပ်နှံဖို့ ကြုံလာရပြီပေါ့။
သမားတော်ကြီးကလည်း
ဆေးဖိုးဝါးခ အနေနဲ့ မရှိမှုတန်ဖိုးများများပေးမှ ကုသပေးလေတော့ ကဗျာစာဆိုနဲ့ သူ့အိမ်သူတို့ဟာ
မရှိမှုကို သူတို့ဂေဟာအနှံ့ လိုက်ပြီးရှာကြသတဲ့။ ကဗျာစာဆိုရဲ့ ဇနီးသည်ကဆို တဗျက်တောက်တောက်နဲ့
-
''ဒုက္ခပါပဲတော်
မရှိမှုကို တစ်အိမ်လုံးရှာတာလည်း နှံ့နေပြီ။ မရှိမှုဆိုလို့တော့်ရဲ့ အရောင်မရှိတဲ့ ပုဆိုးတစ်ထည်နဲ့
မီးစာမရှိတဲ့ မီးအိမ်တစ်လုံးရယ် သည်းကြိုးမရှိတဲ့ ဖိနပ်တစ်ရန်ပဲ တွေ့တယ်ရှင့်၊ ဒီလောက်နဲ့တော့
သမားတော်ကြီးက ဆေးကုပေးမှာ မဟုတ်ဘူး။ ဘယ်လိုလုပ်ကြမလဲ''
''ဟုတ်ပ
ရှင်မရယ်၊ သမားတော်ကြီးက ဒီလောက်နဲ့တော့ ရမှာမဟုတ်ဘူး။ အရိုးမရှိတဲ့ ခြေထောက်တို့၊
လျှာမရှိတဲ့ ပါးစပ်တို့၊ မျိုးဥမရှိတဲ့သားအိမ်တို့ ခုံညင်းစေ့မရှိတဲ့ ဒူးခေါင်းတို့ပေးမှ
ရမှာ၊ ဘယ်လိုလုပ်ရပ''
ကဗျာစာဆိုရဲ့
ရင်သွေးလေးကလည်း ကိုယ်တွေ တဖြည်းဖြည်း ပူခြစ်တောက်လာတော့ ကဗျာစာဆိုဟာ ဘာမှ စဉ်းစားမရနိုင်တော့ဘဲ
ကဗျာရေးတဲ့ သူ့ညာလက်ချောင်းတွေကို ဓားထက်ထက်နဲ့ ခုတ်ဖြတ်ချလိုက်သတဲ့။
ဒီတော့မှ
''ကဗျာရေးစရာမရှိတဲ့လက်'' ကိုပေးပြီး သူ့သားလေးကို ဆေးကုပေးနိုင်တော့မှာမို့ ပီတိနဲ့
သူတို့လင်မယား သမားတော်ကြီးဆီ အပြေးအလွှား ထွက်ခွာလာခဲ့ကြတယ်''
အာမခံချက်မရှိတဲ့
ကြယ်တွေဟာ လရောင်မရှိတဲ့ တိမ်တိုက်တွေကို ဖောက်ထွင်းပြီး အနာဂတ်မရှိတဲ့ နတ္ထိကျွန်းဆီကို
ထိုးဆင်းလာကြပြီ။ ။ (မိုဃ်ဇော်/ ဆယ်ကျော်သက်မဂ္ဂဇင်းမှ)
0 comments:
Post a Comment