Saturday, February 25, 2012 By: Unknown

ပေးသင့်သောအမွေ

 

      ဗုဒ္ဓဘာသာမြန်မာလူမျိုး ဘိုးဘွားမိဘများသည် မိမိတို့၏ သားသမီးမြေစသူတို့အား အမွေပေးခဲ့လေ့ အစဉ်အလာရှိကြပါသည်။ စိန်ရွှေရတနာ ဥစ္စာပစ္စည်းအမွေ၊ အိမ်မြေ တိုက်တာ ဗိမာန်အမွေ ဂုဏ်ထူးဘွဲ့ထူး ပညာအမွေ၊ ဆန်စက် ဆီစက် စသည့် လုပ်ငန်း အမွေ၊ ဂုဏ်သတင်းကျော်ကြားမှု အမွေ၊ လိမ္မာယဉ်ကျေးမှု အမွေ စသည့်အမွေ အမျိုးမျိုး ပေးခဲ့လေ့ရှိကြပါသည်။ အထက်ပါ အမွေမျိုးများ ပေးနိုင်စေရန် စီးပွားဥစ္စာများကို အပတ်တကုတ် သက်စွန့်ဆံဖျား ကြိုးစားရှာဖွေ စုဆောင်းကြသည်။ မစားရက် မသောက်ရက် မလှူရက် မပေးရက်ဖြင့် အမွေပေးခဲ့ကြသည်။ မိမိတို့သားသမီးများ လိမ္မာယဉ်ကျေးအောင် သံသရာအကျိုးရှိအောင် ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေ ဘာသာတရားယုံကြည်လေးနက်မှု၊ ဘာသာရေး စိတ်ဓာတ်ခိုင်မာမှု၊ ဘာသာရေးဝါသနာ ထက်သန်မှု ဘာသာသွေး အမွေပေးခဲ့သူ အလွန်နည်းပါးလှပါသည်။
            ဗုဒ္ဓဘာသာသည် နူးညံ့ သိမ်မွေ့ဆုံး ဘာသာဖြစ်၍ မြန်မာလူမျိုးသည် ယဉ်ကျေးသိမ်မွေ့ဆုံးလူမျိုးဟု ကမ္ဘာက အသိအမှတ်ပြုထားပါသည်။ ဒီအမွေကို သားစဉ်မြေးဆက် စောင့်ရှောက်ထိန်းသိမ်းနိုင်ကြစေရန် ဘာသာရေးအမွေ ယဉ်ကျေးမှုအမွေများ ဆင့်ကဲဆင့်ကဲ ပေးခဲ့ကြရန်လိုအပ်လှပါသည်။ ဗုဒ္ဓဘာသာမြန်မာ လူမျိုးတို့၏ အဓိကယုံကြည်မြတ်နိုး အားကိုးရာသည် ဘုရား. တရား. သံဃာတည်း ဟူသော ရတနာမြတ်သုံးပါးပင် ဖြစ်ပါသည်။ မိမိတို့၏ သား သမီး မြေရတနာများအား ပစ္စည်းဥစ္စာ အမွေများ ပေးခဲ့ရုံမျှဖြင့် ကျေနပ်ပြည့်စုံပြီဟု မယူဆသင့်ပါ။ အရေးအကြီး ဆုံးဖြစ်သော ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးကို သိတတ်နားလည် ယုံကြည်လေးမြတ် အားကိုးတတ် အောင် နည်းပေးလမ်းပြညွှန်ကြားခြင်းဖြင့် ဘာသာရေးအမွေကို ပေးသင့်ကြပါသည်။ သို့မှသာလျှင် မိမိတို့ သားစဉ်မြေးဆက် ဘာသာတရား ကြည်ညိုလေးနက် သဒ္ဓါတရားထက်သန်၍ သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ဗုဒ္ဓဘာသာ သားကောင်းသမီးကောင်းများ ဖြစ်ထွန်းလာကြ မည် ဖြစ်ပါတော့သည်။

0 comments:

Post a Comment