Thursday, February 16, 2012 By: Unknown

HUMAN RIGHTS လူ့အခွင့်အရေး ကျေညာစာတမ်းကြီး


၁။ ဤကမ္ဘာတွင် လူဟူသမျှတို့သည် မိသားစုအဖွဲ့ဝင် ညီအစ်ကို မောင်နှမများသဖွယ် ဖြစ်၏။ ထို့ကြောင့် သင်သည် လူချင်း ဆက်ဆံရာတွင် ကြင်နာစွာ ဖော်ရွေစွာ ယဉ်ကျေးစွာ ပြုမူသင့်၏။
၂။ လူ့အခွင့်အရေး ဟူသမျှတို့သည် ဆင်းရဲချမ်းသာ မရွေးစေရ၊ မျက်နှာကြီးငယ် မလိုက်စေရ၊ ဖိုမ မရွေးစေရ၊ အဖြူ အမည်း မခွဲစေရ၊ နိုင်ငံရေးဝါဒ ကိုးကွယ်သောဘာသာ ကွဲပြားစေကာမူ ထပ်တူထပ်မျှ လူတိုင်းရရှိစေရမည်။
၃။ သင်သည် အသက်ရှင်စွာ နေထိုင်ခွင့်ရှိ၏၊ သင့်အား မည်သူမျှ သတ်ပစ်ခွင့် မရှိ။
၎။ သင့်အား မည်သူကမျှ ကျွန်စာရင်း သွင်းခွင့်မရှိ။
၅။ သင့်အား သိက္ခာပျက်လောက်အောင် မည်သူကမျှ အနာတရဖြစ်စေခြင်း၊ ဒဏ်ခတ်ခြင်း ပြုလုပ်ခွင့်မရှိ။
၆။ သင်သွားလေရာအရပ်၌ မည်သူမဆို သင့်အား လူကဲ့သို့ ဆက်ဆံစေရမည်။
၇။ ဥပဒေအရ သင်သည် မည်သူမဆို အခွင့်အရေးတန်းတူ ဖြစ်သည်။
၈။ သင့်၏ တစ်စုံတစ်ခုသော အခွင့်အရေးကို အခြားသူတစ်ဦးက ကျူးလွန်သည်ဖြစ်အံ့၊ ထိုအခွင့်အရေး ပြန်လည်ရရှိစေရန် တရားရုံးတော်က သင့်အတွက် တောင်းဆိုပေးရမည်။
၉။ သင်သည် ဥပဒေကို ကျူးလွန်သူမဟုတ်က သင့်အား မည်သူကမျှ ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ နယ်နှင်ဒဏ် ပြည်နှင်ဒဏ်ခတ်ခြင်း မပြုလုပ်နိုင်။
၁၀။ သင့်အား ဥပဒေကျူးလွန်သူဟု အပြစ်တင်ခံရအံ့၊ ထိုအမှုအတွက် အဂတိကင်းရှင်းသောရုံးတော်တွင် လူသိ ရှင်ကြား တရားမျှတစွာ စစ်ဆေးစေရမည်။
၁၁။ သင့်၏ ပြစ်ချက်ကို ရုံးတော်မှအတည်မပြုမီ သင့်အား အပြစ်ရှိသူတစ်ဦးအနေဖြင့် မဆက်ဆံစေရ၊ ဥပဒေ မတီထွင်မီက ဖြစ်ပွားခဲ့သော အမှုကိစ္စအတွက် အပြစ်မပေးနိုင်၊ သင့်အား အပြစ်ပေးဒဏ်ခတ်ရာ ၌လည်း ဥပဒေစာအုပ်၌ပါရှိသော သတ်မှတ်ချက်ထက် ပိုမိုကြီးလေးစေခြင်း မရှိစေရ။
၁၂။ ဥပဒေ၏ အထူးခွင့်ပြုချက်မရှိဘဲ သင်၏ စာများကို ဖောက်ဖတ်ခွင့်မရှိ၊ သင် အိမ်ခြံအတွင်းသို့ အခွင့်မရှိ မ၀င်စေရ။
၁၃။ သင်၏ တိုင်းပြည်တွင်း၌ သင်ကြိုက်သလို သွားလာနိုင်သည်၊ သင့်တိုင်းပြည်မှ ထွက်ခွါခွင့်ရှိသည်၊ ပြန်လာခွင့်လည်း ရှိသည်။
၁၄။ သင်၏ တိုင်းပြည်တွင်း၌ သင့်အတွက် လုံခြုံမှုမရှိလျှင်လည်းကောင်း၊ တရားမျှတစွာ ဆက်ဆံမှုမရှိပါဟု ယူဆလျှင်လည်းကောင်း၊ သင့်တိုင်းပြည်ကို စွန့်ခွါ၍ အခြားနိုင်ငံတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခွင့်ရှိသည်၊ သင်သည် အပြစ်ရှိသူ မဟုတ်မှသာလျှင် ဤသို့ ပြုမူနိုင်သည်။
၁၅။ သင်သည် နိုင်ငံတစ်ခု၏ တိုင်းရင်းသားအဖြစ် ခံယူခွင့်ရှိသည်၊ အခြားနိုင်ငံတစ်ခု၏ တိုင်းရင်းသား ဖြစ်လိုလည်း သင့်အား မည်သူမျှ ပိတ်ပင်တားဆီးခြင်း မပြုနိုင်။
၁၆။ အရွယ်ရောက်သော ယောက်ျားနှင့်မိန်းမတို့သည် မိမိချစ်သူနှင့်လက်ထပ်ကာ အိမ်ယာထူထောင်နိုင် သည်၊ သဘောတူညီမှု မရှိဘဲ ထိမ်းမြားပေးစားခြင်း မရှိစေရ။
၁၇။ သင်တစ်ဦးတည်းဖြစ်စေ၊ အခြားသူများနှင့် ပူးတွဲ၍ဖြစ်စေ၊ ပစ္စည်းပိုင်ဆိုင်ခွင့်ရှိသည်၊ သဘောတူညီမှု မရှိဘဲ သင်၏ ပစ္စည်းကို မည်သူမျှ ယူငင်ခြင်းမပြုနိုင်၊ အကယ်၍ အစိုးရက အလိုရှိလျှင်မူကား သင်၏ ပစ္စည်းကို သိမ်းယူခွင့်ရှိသည်။
၁၈။ သင်သည် လွတ်လပ်စွာ တွေးတောခွင့် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်ရှိသည်၊ သင်ကြိုက်နှစ်သက်ရာ ဘာသာကို ကိုးကွယ်နိုင်သည်၊ မကြိုက်လျှင်လည်း အခြားဘာသာသို့ ကူးပြောင်းနိုင်ခွင့်ရှိသည်။
၁၉။ သင်သည် ပြောလိုရာ ပြော၍ ရေးလိုရာ ရေးနိုင်ခွင့်ရှိသည်၊ ကြိုက်နှစ်သက်ရာ နည်းလမ်းဖြင့် အကြံပေးခွင့် ရှိသည်၊ အကြံသစ် ဥာဏ်သစ် ရယူခွင့်ရှိသည်။
၂၀။ သင်သည် အစည်းအဝေးတက်ရောက်ခြင်း၊ အသင်းအဖွဲ့ထူထောင်ခြင်း ပြုလုပ်နိုင်သည်၊ သို့သော် ထိုသို့ပြုလုပ်ခြင်းကြောင့် အများကို ဒုက္ခမရောက်စေရ၊ သင် အလိုမရှိသော အစည်းအဝေးများကို အတင်း တက်ရောက်စေခြင်းများလည်း မရှိစေရ။
၂၁။ သင်သည် လွတ်လပ်စွာ မဲပေးနိုင်သည်၊ ရာထူးယူခွင့်လည်း ရှိသည်၊ အစိုးရက ပြည်သူကောင်းကျိုး အတွက် ပြုလုပ်သမျှတို့တွင် ပါဝင်အကျိုးခံစားခွင့်ရှိသည်၊ ပြည်သူတို့၏ ဆန္ဒကိုလည်း အစိုးရက လေးစားရမည်။
၂၂။ အစိုးရက ပြည်သူများအား အငတ်ဘေး ရောဂါဘေးစသည်တို့မှ ကာကွယ်ရေးပြုလုပ်ရာတွင် သင်လည်း ပါဝင်အကျိုးခံစားခွင့်ရှိသည်၊ သင်သည် လူစဉ်မှီစွာ သိက္ခာရှိရှိ နေထိုင်ခွင့်ရှိသည်။
၂၃။ သင်၏ အရည်အချင်းအလျောက် အလုပ်အကိုင် ရှာဖွေခွင့်ရှိသည်၊ လုံလောက်သောလစာရရှိခွင့်၊ အလုပ်ချင်းတူညီလျှင် လစာ တူညီစွာရရှိခွင့်၊ အလုပ်ပြုတ်ခြင်းမှ ကာကွယ်ခွင့်၊ အလုပ်ခွင် သာယာခွင့်၊ အလုပ်သမားသမဂ္ဂ ထူထောင်ခွင့်တို့ ရှိစေရမည်။
၂၄။ အလုပ်လုပ်ရာတွင် အပန်းဖြေခွင့် သင့်တင့်သောအလုပ်ချိန် ကန့်သတ်ခြင်း၊ အချိန်ကာလအားလျော်စွာ လခအပြည့်နှင့် ရက်အားများ ရရှိခွင့် ရှိစေရမည်။
၂၅။ ကောင်းမွန်သောစားဝတ်နေရေး ရရှိစေရမည်၊ ဆေးဝါးကုသခွင့် ရှိစေရမည်၊ ကျန်းမားရေးချို့တဲ့ချိန် အိုမင်းမစွမ်းဖြစ်ချိန်တို့၌ ပင်စင်လစာ ရရှိစေရမည်၊ ကလေးသူငယ်များနှင့် မိခင်များအတွက် တူညီသော အခွင့်အရေးများနှင့်တကွ စောင့်ရှောက်မှုများ ရှိစေရမည်။
၂၆။ မူလတန်းပညာကို အခမဲ့ သင်ယူခွင့်ရှိသည်၊ သင် တတ်နိုင်ပါက အထက်တန်းကျောင်းကြီးများတွင် ပညာဆက်လက် ဆည်းပူးခွင့်ရှိသည်။
၂၇။ သိပ္ပံခေတ်၏ တိုးတက်မှုအရပ်ရပ်၌လည်းကောင်း၊ အနုပညာယဉ်ကျေးမှု အသွယ်သွယ်၌လည်းကောင်း၊ သင် ပါဝင်ခံစားခွင့်ရှိသည်၊ အကယ်၍ သင်ကိုယ်တိုင် သိပ္ပံပညာရှင်ဖြစ်ပါက သင်၏ တီထွင်မှု၊ ရေးသားဖန်တီး မှုတို့အတွက် ထိုက်သင့်သော အကျိုးခံစားခွင့်များ ရရှိစေရမည်။
၂၈။ ဤအခွင့်အရေးအားလုံး ဖူးပွင့်ဝေဆာသောပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးတွင် သင်သည် ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ခွင့်ရှိသည်။
၂၉။ ဤသို့ နေထိုင်ရာတွင် အများပြည်သူတို့အတွက် သင်က ဆောင်ရွက်ဖွယ်ရှိသောတာဝန်တို့၌ သင်က ကျေပွန်စေရမည်၊ ထိုတာဝန်များကို ဆောင်ရွက်ရာ၌ သင်က သူတစ်ပါးအခွင့်အရေးများကို မကျူးလွန်မိစေရန် ကိုလည်း အမြဲသတိပြုရမည်။
၃၀။ မည်သူမဆို အစိုးရကပင် ဖြစ်စေ၊ သာမန်လူတစ်ဦးကပင် ဖြစ်စေ၊ ဤလူ့အခွင့်အရေး ကြေညာစာတမ်း၌ ပါရှိသော အချက်အလက်တို့ကို ချိုးဖဲ့ဖျက်ဆီးခွင့် လုံးဝမရှိစေရ။
မှတ်ချက်။ ။ကုလသမဂ္ဂမှ ၁၉၄၈ ခုနှစ်တွင် ဤလူ့အခွင့်အရေး ကျေညာစာတမ်းကြီးကို ထုတ်ပြန်ခဲ့ပါသည်။ ၁၉၆၈ ခုနှစ် တစ်နှစ်လုံးကို (လူ့အခွင့်အရေး လေ့လာရေးနှစ်) သတ်မှတ်ပါသည်။ (လူ့အခွင့်အရေး သင်ပြရန် ကျောင်းဆရာလက်စွဲ)စာအုပ်ကိုလည်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါသည်။
မူရင်း = မြန်မာပြည် ဒီမိုကရေစီပညာပြန့်ပွားရေးအသင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့။ {ဧဒင်ဥယျာဉ်မှ}

0 comments:

Post a Comment