ဆရာမငြိမ်းအိစံကနေတဆင့် ထပ်သိရတဲ့ မိတ်ဆွေကောင်းလေးကတော့
ကျွန်တော့်မြေးအရွယ်ကျောင်းသူလေး တစ်ယောက်ပါပဲ သူ့နာမည်က မနွယ်နီလှိုင်တဲ့ ဒီကျောင်းသူလေး
ဒီနှစ်ခြောက်တန်းတက်ရတော့မယ် ဒီကလေးမှာ ချစ်စရာကောင်း အတုယူစရာကောင်းတဲ့ အကျင့်ကောင်းလေးတစ်ခုရှိတယ်။
မနွယ်နီလှိုင်ခမျာမှာ ပြည့်ပြည့်စုံစုံ အသိုင်းအ၀ိုင်းက ကျောင်းသူလေးတစ်ယောက်တော့ မဟုတ်ရှာဘူး။
ဥယျာဉ်မှုးများက ပြုစုယုယလို့ ခြောက်တန်း အထိပညာသင်နိုင်တဲ့ ကျောင်းသူမလေးတစ်ယောက်ဖြစ်တယ်။
သူကျောင်းတက်စတုန်းက သူ့ခမျာ သူငယ်တန်းဖတ်စာအုပ် မ၀ယ်နိုင်ရှာဘူး။ ဆရာက သူနဲ့ ကပ်လျက်ထိုင်နေတဲ့
ကျောင်းသူတစ်ယောက်နဲ့ သူငယ်ချင်းနှစ်ယောက်မျှပြီး ဖတ်စာအဖတ်ခိုင်းခဲ့ရတယ်တဲ့။ ကျွန်တော်စဉ်းစားကြည့်မိတယ်
သူ့ခမျာ ဒီပြင်ကျောင်းသူ ကျောင်းသားတွေလို ကိုယ်ပိုင်ဖတ်စာအုပ်လေး ပိုင်ချင်ရှာမှာပါပဲ။
ဥယျာဉ်မှုးများနဲ့ တွေ့ဆုံရတော့ မှ ဖတ်စာအုပ်အသစ်လေး ကိုင်ခွင့်ရရှာတော့တယ်။ ဒါလည်း
စာသင်နှစ်တစ်ဝက်ရောက်ခါနီးမှလေ။ ကျောင်းဖွင့်တဲ့ အခါ မနွယ်နီလှိုင်ခြောက်တန်းတက်ရတော့မယ်။
မြန်မာစာ အင်္ဂလိပ်စာ သင်္ချာ ပထ၀ီ သမိုင်း သိပ္ပံစတဲ့ ဘာသာရပ် ဆိုင်ရာ ဖတ်စာအုပ်အသစ်တွေ
ဥယျာဉ်မှုးတွေက တဆင့်သူရတယ်။ ဆရာမငြိမ်းအိစံက ဒီကျောင်းသူလေး ဖတ်စာအုပ်တွေကို ရိုရိုသေသေ
ကိုင်လေ့ရှိတယ်လို့ပြောပြီး ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ်။ ခြောက်တန်းကျောင်းသူလေးဆိုပေမယ့်
သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက လေးတန်းကျောင်းသူသာသာလောက်ပဲ ရှိသေးတယ်။ ပခုံးမှာလွယ်ထားတဲ့
လွယ်အိပ်ထဲကိုလှမ်းကြည့်လိုက်တော့ ဂျာနယ်အဟောင်းတွေနဲ့ သပ်သပ်ရပ်ရပ်ဖုံးအုပ်ထားတဲ့
သူ့စာအုပ်တွေကို လှမ်းမြင်ရတယ်။ လွယ်အိပ်ထဲက ဖတ်စာအုပ်တစ်အုပ်ကို ထုတ်ကြည့်လိုက်တယ်။
ဖတ်စာအုပ်ရဲ့ ပထမစာမျက်နှာအပေါ်ပိုင်း ညာဘက်ထောင့်မှာ သူ့နာမည်လေးကို သူ့ရဲ့ မ၀ိုင်းစက်တဲ့
လက်ရေးလေးနဲ့ ရေးထားတယ်။ ခဲတံနဲ့ ခပ်ဖွဖွလေး မထင်မရှားရေးထားတာလေး။ သမီးလေးစာကြိုးစားနော်-လို့ပြောပြီး
အတန်းထဲကို ပြန်လွတ်လိုက်တယ်။ နာမည်ကို ခဲတံနဲ့ ဘာလို့ဖွဖွလေးရေး ထားတာလဲ သိလား ကိုညီပုလေး။
ကျွန်တော်ဖြင့် မတွေးတတ်အောင်ပဲ ဆရာမ ဒီကလေးကစာကြိုးစားတယ်။ စာမေးပွဲလည်း နှစ်စဉ်ထူးထူးချွန်ချွန်အောင်တဲ့ကလေး
အောင်စာရင်းထွက်တဲ့အခါ သူ့ဖတ်စာအုပ်တွေကို အတန်းပိုင်ဆရာမ လက်ထဲသွားအပ်တယ်။ မနွယ်နီလှိုင်စာအုပ်တွေက
အသစ်နီးနီးလတ်သေးတာ သူ့လိုပဲ ဖတ်စာအုပ်အသစ်မ၀ယ်နိုင်တဲ့ ကျောင်းသူကျောင်းသားတွေကိုင်ရအောင်လို့
အဲဒီအခါ သူ့စာအုပ်ရတဲ့ ကလေးက နာမည်ကိုဖျက်မယ်ဆိုရင် ခဲဖျက်နဲ့ အလွယ်တကူဖျက်နိုင်အောင်လို့
ခဲတံနဲ့ ခပ်ဖွဖွရေးထားတာ။ ဆရာမစကားလည်း ဆုံးသွားရော ကျွန်တော့ခန္ဓာကိုယ်မှာ ကြက်သီးမွေးညှင်းထသွားတယ်။
ဒီလိုကလေးမျိုး လောကမှာ အများကြီးရှိရင်ကောင်းမှာပဲ။ တချို့ပုဂ္ဂိုလ်တွေက ကမ္ဗည်းကျောက်စာတွေရေးထိုးပြီး
အလှူကြီးအတန်းကြီးတွေ ပေးကြတယ်။ တချို့လူတွေကတော့ ဧရာမအလှူအတန်းကြီးတွေ မပေးနိုင်ခင်မှာ
ကိုယ်တတ်စွမ်းသမျှ ကုသိုလ်ပြုကြပါတယ်။ ကျွန်တော်လည်း
ကိုယ်တတ်စွမ်းနိုင်သမျှ ကုသိုလ်ပြုမိတယ်။
မရှိဆင်းရဲတဲ့ ကလေးသူငယ်များလည်း ပညာရည်နို့စို့နိုင်ကြပါစေ။
(ညီပုလေး/ ကိုယ်ပိုင်လား အငှားလား ကိုယ်တိုင်တည်ဆောက်ယူမှာလား
လူငယ်အသိမြင့်မားရေး ဘ၀အောင်မြင်ရေးလမ်းညွှန်
- စာအုပ်မှ)
0 comments:
Post a Comment