Wednesday, February 22, 2012 By: Unknown

ဗုဒ္ဓဘာသာလေးမျိုး

၁။ သုဒ္ဓ-ဗုဒ္ဓဘာသာ
၂။ မိဿက-ဗုဒ္ဓဘာသာ
၃။ ဝေမတိက-ဗုဒ္ဓဘာသာ
၎။ အသုဒ္ဓ-ဗုဒ္ဓဘာသာ

(၁) သုဒ္ဓ-ဗုဒ္ဓဘာသာ
                အကြင်သူသည် ဗုဒ္ဓဘာသာဟု အမည်ခံ၏။ ရတနာသုံးပါးကို ယုံကြည်၏။ ကြည်ညို၏။ ရတနာသုံးပါ၏ ဂုဏ်တော်(စွမ်းရည်သတ္တိ)များကိုလည်း အကုန်အစင်သိ၏။ မဂ်ဖိုလ်နိဗ္ဗာန်ဆုတောင်း၏။ ကံသုံးပါး စင်ကြယ်လို၏။ ဒုစရိုက် ၁၀-ပါးလုံးရှောင်ကြဉ်၏။ ဒုစရိုက်၏အကျိုးအပြစ်ကို အကုန်နားလည်၏။ ရတနာသုံးပါးကို သာလျှင် ကိုးကွယ်၏။ အခြားမည်သည့်အရာကိုမျှ မကိုးကွယ်ပေ။ ထို့ပြင် သီလ သမာဓိ ပညာသိက္ခာသုံးပါးကို ကျင့်သုံး၏။
                ဤအချက်များနှင့် ပြည့်စုံသူသည် သုဒ္ဓဗုဒ္ဓဘာသာ (စင်ကြယ်သည့်ဗုဒ္ဓဘာသာ၊ တင်းပြည့် ဗုဒ္ဓဘာသာ၊ ဒေါင်ဒေါင်မြည်ဗုဒ္ဓဘာသာ)ဖြစ်၏။ ထိုသူသည် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုရမည်ဖြစ်သည်။
(၂) မိဿက-ဗုဒ္ဓဘာသာ
                အကြင်သူသည် ဗုဒ္ဓဘာသာဟု အမည်ခံ၏။ ရတနာသုံးပါးအပြင် အခြားအရာများကိုလည်း ယုံကြည်၏။ ရတနာသုံးပါးကို ဂုဏ်တော်သို့ ရောက်သည့်အထိ အာရုံမပြုတတ်၊ ပုံတော်ပညတ်လောက်သာ အာရုံပြုနိုင်၏။ မဂ်ဖိုလ်နိဗ္ဗာန်ကိုလိုချင်၏။ ဒုစရိုက်ကံသုံးပါးစင်ကြယ်လို၏။ သို့သော်ဒုစရိုက် အချို့ကိုသာရှောင် ကြဉ်၏။ ဒုစရိုက်၏အကျိုးအပြစ်ကို တစ်ချို့တစ်ဝက်သာသိ၏။ ရတနာသုံးပါးကိုရော အခြားသူများ ကိုးကွယ်သည့် အရာများကိုပါ ကိုးကွယ်၏။
                ဤအချက်များနှင့်ပြည့်စုံသူသည် မိဿကဗုဒ္ဓဘာသာ(ဗုဒ္ဓဘာသာရောကျော်)ဖြစ်၏။ ထိုသူသည် သံသရာလည်ရဦးမည်ဖြစ်၏။
(၃) ဝေမတိက-ဗုဒ္ဓဘာသာ
                အကြင်သူသည် ဗုဒ္ဓဘာသာဟုဝန်ခံ၏။ ရတနာသုံးပါးသာမက အခြားအရာများကိုလည်း ကိုးကွယ်၏။ ရတနာသုံးပါး၏ ဂုဏ်တော်များကိုမူ ၀ိုးတ၀ါးလောက်သာသိ၏။ မဂ်ဖိုလ်နိဗ္ဗာန်ကိုမူလိုချင်၏။ ဒုစရိုက်ကံသုံးပါး စင်ကြယ်လို၏။ သို့သော် ဒုစရိုက်အနည်းငယ်ကိုသာ ရှောင်ကြဉ်၏။ ဒုစရိုက်၏အကျိုးအပြစ်ကို ကြားဖူးသည် ဆိုရုံလောက်သာ ရှိ၏။ သေသေချာချာကားမသိ၊ ရတနာသုံးပါးကိုရော အခြားအရာများကိုပါ အပျော်အပါးပွဲလမ်း သဘင်များထည့်၍ ကိုးကွယ်၏။
                ဤအချက်များနှင့် ပြည့်စုံသူသည် ဝေမတိကဗုဒ္ဓဘာသာ(ယောင်ဝါးဝါးဗုဒ္ဓဘာသာ)ဖြစ်၏။ ထိုသူလည်း သံသရာလည်ရဦးမည်သာ။
(၄) အသုဒ္ဓ-ဗုဒ္ဓဘာသာ
        အကြင်သူသည် ဗုဒ္ဓဘာသာဟုအမည်ခံ၏။ ရတနာသုံ့းါးအပြင် အခြားအရာများကိုပါ ယုံကြည်၏။ ရတနာသုံးပါး၏ဂုဏ်တော်(စွမ်းရည်သတ္တိ)များကို လုံးဝမသိ၊ မဂ်ဖိုလ်နိဗ္ဗာန်ကိုမူ လိုချင်၏။ ဒုစရိုက်ကံသုံးပါးမှ စင်ကြယ်လို၏။ သို့သော် မည်သည့် ဒုစရိုက်ကိုမှ မရှောင်ကြဉ်ဘဲ လွန်ကျူး၏။ ဒုစရိုက်၏အကျိုးအပြစ်ကို ဘာမှမသိ၊ ရတနာသုံးပါးကိုရော အခြားအရာများကိုပါ ဆိုင်း-ဇာတ်သဘင်ထည့်၍ ကိုးကွယ်၏။
             ဤအချက်များနှင့် ပြည့်စုံသူသည် အသုဒ္ဓဗုဒ္ဓဘာသာ(မစင်ကြယ်သည့်ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ လူညစ်ပတ်၊ ဗုဒ္ဓဘာသာမစစ်သူ၊ ဗုဒ္ဓဘာသာအတု၊ အမည်ခံဗုဒ္ဓဘာသာ)ဖြစ်၏။ ထိုသူလည်း သံသရာလည်ရ ဦးမည်သာ။
  ဤဆိုခဲ့ပြီး ဗုဒ္ဓဘာသာလေးမျိုးတို့အနက် တစ်နံပါတ်သုဒ္ဓဗုဒ္ဓဘာသာ (စင်ကြယ်သည့် ဗုဒ္ဓဘာသာ၊ တင်းပြည့်ဗုဒ္ဓဘာ သာ၊ ဒေါင်ဒေါင်မြည်ဗုဒ္ဓဘာသာ)ဖြစ်အောင် ကျွန်ုပ်တို့သင်ကြားလေ့လာ ကျင့်သုံးနိုင်ကြပါလျှင် ''ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ၊ ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ'' ဟူသောဒေသနာတော်နှင့် အညီ ပစ္စုပ္ပန် တမလွန် သံသရာဒုက္ခ၊ ခန္ဓာဒုက္ခများမှ အပြီးတိုင် လွတ်မြောက်နိုင်ကြမည် ဖြစ်ပေသည်။
                                (လေးအိမ်စု အရှင်ဝိစိတ္တသာရ၊ စကားလက်ဆောင်မှ)

0 comments:

Post a Comment