ယနေ့ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်တို့သည်
ဥပုသ်နေ့တိုင်း ကျောင်းကန်ဘုရားမသွားကြတော့ပါ။ ကျောင်းကန်ဘုရားနှင့်စိမ်းလာကြသဖြင့်
ဘာသာတရားတော်နှင့်လည်း တိမ်းလာကြပါတော့သည်။ ယင်းသို့ ဥပုသ် နေ့မှန်းမသိခြင်း၊ ကျောင်းကန်ဘုရားတို့နှင့်
စိမ်းလာခြင်းတို့သည် မည်သူတို့၏ တာဝန်ပါနည်းဟုမေးခဲ့သော် ယနေ့ လူကြီးမိဘတို့၏ တာဝန်ဖြစ်ပါသည်ဟု
အမှန်အတိုင်း ဖြေရမည်ဖြစ်ပါသည်။ ယနေ့ဗုဒ္ဓဘာသာဝင် လူကြီးမိဘအများစုတို့သည် ကျောင်းကန်ဘုရားသွားဖို့ကို
ကျူရှင်သွားဖို့လောက် အရေးမကြီးဟု ထင်မြင်ယူဆ လက်ခံလာကြပါသည်။ ဤသို့ဖြင့် ဘုရားဝေး
တရားဝေးရသော လူငယ်လူမိုက်ကလေးတို့ ပေါများလာရပါသည်။ သားသမီးများ မနိုင်လောက်အောင် ဆိုးသွမ်းလာမှ
အရပ်ကယ်ပါ လူဝိုင်းပါဟု အသံပြာလာကြပါသည်။
ထို့ကြောင့်
လူငယ်များ အပတ်စဉ်ကျောင်းကန်ဘုရားသို့ ရောက်ရှိနိုင်မည့် အသင့်တော်ဆုံး နည်းလမ်းမှာ
သီရိလင်္ကာနိုင်ငံမှာကဲ့သို့ (Dhamma School) ဓမ္မစကူးလ်များ အမြို့မြို့အနယ်နယ်တိုင်းတွင်
ဖွင့်လှစ်ပေးနိုင်ရေးပင် ဖြစ်ပေတော့သည်။
သီရိလင်္ကာနိုင်ငံသားများ၏
မြတ်ဗုဒ္ဓအပေါ် တလေးတစား တန်ဖိုးထားသည့် စိတ်ကိုအားရ ကျေနပ်မိ ပါသည်။ အစိုးရရုံးများ၌လည်း
ရဟန်းတော်များကို အထူးဦးစားပေး၍ လုပ်ပေးကြ၏။ တစ်ခါတစ်ရံ အစိုးရရုံးသို့ နေ့ဆွမ်းစားချိန်ရောက်သွားလျှင်
ဆွမ်းတောင်ကပ်လှူလိုက်ပါသေးသည်။ ဘတ်စ်ကားများ၌လည်း ရဟန်းသံဃာ တော်များအတွက် အမြဲတမ်း
နှစ်နေရာပေးထားသည်ကို တွေ့ရပြန်၏။ ဂိတ်စောင့်ရဲဘော်များသည် ဘုန်းကြီးရဟန်း တော်များကိုတွေ့လျှင်
ပရိတ်ချည်ကို တောင်းလေ့ရှိ၏။
''အရင်းစစ်လျှင်
အမြစ်မြေက'' ဆိုသကဲ့သို့ ယင်းသို့လျှင် နိုင်ငံတစ်နိုင်ငံလုံးက မိမိတို့ဗုဒ္ဓဘာသာကို
အသက်တမျှ တန်ဖိုးထားခြင်း၏ အကြောင်းမှာ သီရိလင်္ကာနိုင်ငံ အစိုးရ၏ (Sunday school) များကြောင့်ပင်ဖြစ်
ပေသည်။
(Sunday
school) ဆိုသည်မှာ တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစသည်များကို အထူးသင်ပေးသောကျောင်းဖြစ်ပေသည်။
ယင်းကျောင်းများသည် ပုဂ္ဂလိကပိုင် မဟုတ်ကြ၊ နိုင်ငံတော်အစိုးရ ကိုယ်တိုင်က ပညာရေးစနစ်ကို
သတ်မှတ်ပေးပြီး စည်းမျဉ်း ဥပဒေနှင့်အညီ ဖွင့်လှစ်ပေးထားသော ကျောင်းများ ဖြစ်ပေသည်။
နေရာကား ဘုန်းကြီးကျောင်းများပင်တည်း။ အချို့ဘုန်းကြီးကျောင်းများ၌ စွမ်ဆောင်နိုင်သော
ကျောင်းထိုင်ဘုန်းကြီးများသည် (Sunday school) ၏ကျောင်းအုပ်များဖြစ်ပြီး၊ အနည်းငယ်သောကျောင်းများမှာ
တော့ ကျောင်းထိုင်ဘုန်းကြီးများက ပံ့ပိုးမှုအပိုင်းလောက်သာ တာဝန်ယူကြပါသည်။
သီရိလင်္ကာရှိ
ကလေးများသည် ဤကဲ့သို့ ဘုရားရှိခိုး သြ၀ါဒခံယူ ဗုဒ္ဓစာပေများကို သင်ကြားရသည်မှာ တစ်ပတ်မဟုတ်
တစ်နှစ်မဟုတ် နှစ်ပေါင်း(၁၃)နှစ်၊ ယင်းကဲ့သို့ နှစ်ပေါင်းများစွာ ဗုဒ္ဓတရားနှင့် ထိတွေ့နေကြရကား
ကလေးများ၏ ဘာသာကိုချစ်တဲ့စိတ် လူမျိုးကိုချစ်တဲ့စိတ်မှာ ဦးခေါင်းထဲမှာ သံမှိုနှက်သကဲ့သို့
စွဲမြဲသွားပါတော့သည်။
ဗုဒ္ဓ၀ါဒ၏
အခြေခံအုတ်မြစ်မှာလည်း ခိုင်မာသွားပါတော့သည်။ ကလေးသူငယ်များ၏ ဘာသာသွေးကား ရဲရဲတောက်နေပေပြီ၊
အဘယ်ကဲ့သို့သောသူမှ ဘာသာကူးပြောင်းအောင် မစွမ်းနိုင်တော့ပေ။ ထို့ကြောင့် သီရိလင်္ကာ၌
နှစ်ပေါင်းများစွာ နေဖူးသော မြန်မာဘုန်းကြီးတစ်ပါးက ဤကဲ့သို့ပြောဖူးသည် ''သီရိလင်္ကာရှိ
ဗုဒ္ဓဘာသာဝင် ကလေးသူငယ်များဟာ ဘာသာပြောင်းတယ်ဆိုတာမရှိဘူး၊ ဘာကြောင့်လဲဆိုရင် ကလေးဘ၀က
စတင်ပြီးအခြေခံ ဗုဒ္ဓစာပေများကို စနစ်တကျသင်ယူခဲ့ရသည့်အတွက် ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ကိုယ်တိုင်သိရှိနေကြပြီလေ။
ဒီတော့ ကိုယ့်ဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့ဘူး''တဲ့။
''လှည်းဝင်ရိုးသံ
တညံညံ၊ ပုဂံဘုရားပေါင်း'' ဟုကြွေးကြော်နေသည့် အမိမြန်မာပြည်ကြီး၌ စနစ်တကျ ပို့ချနေသော
ဓမ္မသင်တန်းကျောင်းများ မည်မျှလောက်ရှိသနည်း။ အကဲခတ်ကြည့်စေချင်ပါသည်။ တချို့နေရာများ
၌ ရက်တိုသင်တန်းကျောင်းများကတော့ ထင်ထင်ရှားရှားရှိပေသည်။ သို့သော် ရက်ရှည်သင်တန်းကျောင်းများကား
နည်းပါးလှ၏။ ယင်းသို့နည်းပါးလှသည့်အတွက် တချို့ဗုဒ္ဓဘာသာဝင် ရင်သွေးငယ်များသည် ဘာသာရေးအခြေခံ
အားနည်းကြရကား ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာခြားဘက်သို့ ကူးပြောင်းသွားကြသည်ကို
ဝမ်းနည်းစွာ တွေ့ခဲ့ဖူးပါသည်။
စေတီပုထိုးများ၌
ညောင်ပင်ပေါက်လျှင် စေတီပုထိုးများ ပြိုပျက်ကြသကဲ့သို့ မိမိတို့မြန်မာပြည်ကြီး၌ ဘာသာခြားများ
တိုးပွားလာလျှင် စေတီပုထိုးများ မျက်နှာတော် ညှိုးတော်မူရမည့် အခြေအနေနှင့် ရင်ဆိုင်ရပေမည်။
ဤသို့ဖြစ်စဉ်ကို အစဉ်တွေးလျက် ယခုအချိန်မှစပြီး ဓမ္မသင်တန်းကျောင်း(သို့မဟုတ်) ဓမ္မစကူးလ်များကို
မိမိတို့တတ်စွမ်းသမျှ ဖွင့်လှစ်တည်ထောင် သင့်လှပေသည်။
အကြင်အခါ၌
မြန်မာပြည်အ၀န်းမှာ ''လှည်းဝန်ရိုးသံ တညံညံ ဓမ္မစကူးလ်ပေါင်း''ဟု ကြွေးကြော်နိုင်၏။
ထိုအခါ၌ နတ်ရွာစံသွားလေပြီဖြစ်သော ဘုရင်မင်းမြတ်အနော်ရထာက အထက်ကောင်းကင်ယံ နတ်ပြည်မှ
တဆင့် ဗြဟ္မာ့ပြည်တိုင်အောင် ''အို သူတော်ကောင်းတို့ မြန်မာပြည်ကြီးကို ကြည့်ကြကုန်လော့၊
အရှင်အရဟံရဲ့ သြ၀ါဒကို ခံယူပြီး ငါကိုယ်တော်တိုင် ချခဲ့တဲ့ ဓမ္မအုတ်မြစ်ပေါ်မှာ ရဟန်းရှင်လူ
ပြည်သူများဟာ ကြီးမားသောဓမ္မ အဆောက်အအုံကြီးကို အဆင့်ဆင့်တည်ဆောက်နေကြတယ်ကွယ်၊ ငါကိုယ်တော်အားရ
ကျေနပ်လှပါဘိ၊ ဒါမှ ဒို့တိုင်းဒို့ပြည် ဒို့မြန်မာပြည် ဖြစ်ပေသကွယ်'' ဟုအားရပါးရ ကောင်းချီးနုမော်
သာဓုခေါ်နေမည်မှာ မြေကြီးလက်ခတ် မလွဲသာတည်း။
(အရှင်ဒေ၀ိန္ဒာဘိဝံသ/သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)
0 comments:
Post a Comment