ကာယဉာဏ၊ ဓနအင်အား၊ ရှိပါငြားလည်း သူတစ်ပါးအကျိုး မသယ်ပိုးပဲ၊ ကိုယ်ကျိုးသာမျှ၊ ဆောင်ရွက်ကြလျှင်၊ ရလာဘ၀ သုံးမကျဘူး၊ တကယ်သိမြင်၊ ဉာဏ်နှင့်ယှဉ်၍ အများအကျိုးတိုးထက်တိုးအောင်၊ အားကြိုးမာန်ပါ၊ သယ်ပိုးပါမှ၊ ရလာလူ့ဘ၀၊ လွန်လှပ၍၊ ဘ၀အဓိပ္ပါယ်၊ ပြည့်စုံကြွယ်သည်၊ တတ်စွမ်းသမျှ၊ သယ်ပိုးကြလော့။
လောကမှာ မျှသူ၊ မမျှသူ-ဟုနှစ်မျိုးရှိ၏။ မျှဝေသူသည် ပရဟိတသမားဖြစ်၏။ မမျှသူသည် အတ္တဟိတသမားဖြစ်၏။ မျှမျှတတ - ဆိုတဲ့စကားအတိုင်း မျှ-သူကို အားလုံးက တ-ကြသည်။ မမျှသူကို မည်သူမျှ မတ။ လမင်းက အေးမြသည့် အလင်းရောင်ကို မျှဝေသောကြောင့် မသာလည်း တ၊ သာလည်း တ-ကြ၏။ မပေါ်လည်း မျှော်၊ ပေါ်လည်း ပျော်-ကြသည်။
ဗိုလ်ချုပ်အောင်ဆန်း ယနေ့အထိ ရှင်သန်နေသည်မှာ အတ္တဟိတကြောင့်လား၊ ပရဟိတကြောင့်လား။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေ တပြိုင်နက် ရာထောင်ချီကာ ပွင့်သွားကြသော်လည်း အများက မတမ်းတပဲ မေ့ပျောက်သွားကြသည်မှာ ပရဟိတဆောင်ရွက်မှု မရှိသောကြောင့်ဖြစ်၏။ (ပစ္စေကဗုဒ္ဓါဟူသည် သစ္စာလေးပါးကို ကိုယ်တိုင်သာသိပြီး သူတစ်ပါးကို ဟောပြနိုင်စွမ်း မရှိပါ။)
တစ်ဆူတည်းသာ ပွင့်တော်မူသွားသည့် သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားရှင်အား ယနေ့တိုင်အောင် ကိုးကွယ် ဆည်းကပ်နေကြသည်မှာ ပရဟိတကို နေ့မနား ညမအား (နောက်ဆုံး ပရိနိဗ္ဗာန် ၀င်စံခါနီးအချိန်အထိ) ဆောင်ရွက်တော်မူခဲ့သောကြောင့်ဖြစ်ပါ၏။ ပရဟိတသမားသည် လူသေသော်လည်း နာမည်မသေ။ ဝေလည်းမွှေး ကြွေလည်းမွှေးသည့် ပုဂ္ဂိုလ်များသာဖြစ်ပါသည်။
0 comments:
Post a Comment