ဘုရားရှင်လက်ထက်တော်တုန်းက သုပ္ပဗုဒ္ဓ-ဆိုတာ ရှိခဲ့ဖူးတယ်။ တစ်ကိုယ်လုံး
နူနာတွေစွဲပြီး တောင်းရမ်းစားသောက်နေရတယ်။ တစ်နေ့ကျတော့ ပရိသတ်အစွန်က မြတ်စွာဘုရားရဲ
တရားကိုနာနေတုန်းက သောတာပန်တည်သွားတယ်။ တရားပွဲပြီးတဲ့အခါ သိကြားမင်းက စုံးစမ်းချင်တာနဲ့
ကောင်းကင်မှာရပ်ပြီး အို.. သုပ္ပဗုဒ္ဓ သင်ဟာအင်မတန် ဆင်းရဲတယ်၊ ခိုကိုးရာမဲ့လည်းဖြစ်တယ်၊
ငါ ဥစ္စာတွေအများကြီးပေးမယ်၊ ဘုရားဟာ ဘုရားအစစ်မဟုတ်၊ တရားဟာ တရားအစစ်မဟုတ်၊ သံဃာဟာ
သံဃာအစစ်မဟုတ်၊ ငါဟာ ဘုရား တရား သံဃာ-ကို အလိုမရှိလို့ သင်ဆိုရမယ်- လို့ပြောတယ်။ သင်ဘယ်သူလဲ
- လို့ သုပ္ပဗုဒ္ဓ-ကပြန်မေးတယ်။ သိကြားမင်းက ငါ-သိကြားမင်းဖြစ်တယ်-လို့ ပြန်ပြောတဲ့အခါ
သုပ္ပဗုဒ္ဓ-က မိုက်ကန်းပြီး အရှက်မရှိတဲ့ သိကြားမင်း သင်ဟာ မပြောသင့် တဲ့ စကားကို ပြောရက်ပေတယ်။
သင်ဟာငါနဲ့ စကားပြောဖို့တောင် မထိုက်တန်တော့ဘူး။ ငါ့ကို လူဆင်းရဲ လူမွဲ ခိုကိုးရာမဲ့သူလို့
သင်ဘယ့်နှယ်ကြောင့် ခေါ်နိုင်သလဲ၊ ငါဟာ မြတ်စွာ ဘုရားရဲ့ သားတော်စစ်စစ်ဖြစ်ပြီး လူဆင်းရဲ
လူမွဲ ခိုကိုးရာမဲ့သူ မဟုတ်တော့ဘူး။ အမှန်စင်စစ် ဘုရား တရား သံဃာ-ရတနာမြတ်သုံးပါးကို
မတုန်မလှုပ် ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါ၊ ကိုယ်နဲ့နှုတ်နဲ့မကောင်းတာ မလုပ်အောင်၊ မကောင်းတာ
မပြောအောင် စောင့်ထိန်းနိုင်တဲ့ သီလ၊ မကောင်းမှုကို ရှက်တဲ့ ဟိရီ၊ မကောင်းမှုကို ကြောက်တဲ့
သြတ္တပ္ပ၊ အကြားအမြင်များခြင်းဆိုတဲ့ သုတ၊ စွန့်ကြဲမှုဆိုတဲ့ စာဂ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်တည်းဟူသော ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ရတနာခုနှစ်ပါးနဲ့ ပြည့်စုံသူဟာ လူဆင်းရဲမဟုတ် လူချမ်းသာဖြစ်တယ်လို့
ဘုရားစတဲ့ သူတော်ကောင်းတွေကလည်း ချီးးကျူးတယ်၊ ဒီလို-သူတော်ကောင်း ဥစ္စာရတနာ ခုနှစ်ပါနဲ့
ပြည့်စုံသူတွေ အသက်ရှင်နေတာဟာ အချည်းနှီး အလဟဿ အသက်ရှင်ခြင်းမဟုတ်ဘူး၊ အကျိုးရှိတဲ့
အသက်ရှင်ခြင်း ဖြစ်တယ်လို့လဲ ဘုရားစတဲ့ သူတော်ကောင်းတွေက ချီးကျူးတယ်-လို့ သုပ္ပဗုဒ္ဓက
သိကြားမင်းကို ပြန်ပြော လိုက်တယ်။
သုပ္ပဗုဒ္ဓရဲ့စကားကို ထောက်ဆသောအားဖြင့် လူဆင်းရဲပေမဲ့လည်း သူတော်ကောင်းဥစ္စာ
ရတနာ ခုနှစ်ပါနဲ့ပြည့်စုံနေမယ်ဆိုရင် လူချမ်းသာဖြစ်တယ်ဆိုတာ သိတာထင်ရှားနေပါတယ်။ ဒါကြောင့်
လူချမ်းသာများ ဖြစ်ဖို့အတွက် သူတော်ကောင်းဥစ္စာ ရတနာခုနှစ်ပါးနှင့် ပြည့်စုံအောင် ကြိုးစားကြပါလိုတိုက်တွန်းပါရစေ။
(ဓမ္မပဒအဋ္ဌကထာ၊၁/၃၀၂၊ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု)
0 comments:
Post a Comment