ကျွန်တော့်တစ်သက်တာမှာ
စာအုပ်စာပေများကို စွဲစွဲလန်းလန်း ဖတ်ရှုခဲ့ခြင်းရဲ့ အကျိုးကျေးဇူးကို အကြိမ်ပေါင်းများ
စွာ လက်တွေ့ခံစားရပါတယ်။
အတွေ့အကြုံဆိုတာ
ကိုယ်တွေ့ကြုံခဲ့မှ အတွေ့အကြုံရင့်ကျက်တယ်လို့ မဆိုနိုင်ပါဘူး။ မီးဟာ ပူတယ်ဆိုတာကို
ကိုင်မကြည့်ပဲလည်းသိနိုင်ပါတယ်။ သူတစ်ပါးရဲ့ အတွေ့အကြုံကို လေ့လာမှတ်သားနိုင်ရင် သိသင့်သိအပ်တာတွေကို
သိတာပါပဲ။ ကျွန်တော်ကတော့ စာအုပ်စာပေများကတဆင့် လောကကြီးအကြောင်းကို အများကြီး ဆည်းပူးလေ့လာနိုင်ခဲ့ပါတယ်။
စာဖတ်ခြင်းရဲ့
အကျိုးကျေးဇူးတွေကို တန်းစီရေချရင် အများကြီးပါ။ အသိသာဆုံးကတော့ စာတကယ် ဖတ်ပြီး စာထဲကရတဲ့
အသိပညာတွေကို နှလုံးသွင်းထားသူဟာ စာမဖတ်သူနဲ့ ယှဉ်လိုက်ရင် လူကြီးနဲ့ကလေး ကွာခြားသလို
ရင့်ကျက်မှုခြင်း ကွာခြားနေတာ တွေ့ရလိမ့်မယ်။
အပြောအဆို
အနေအထိုင် ပြုမှုဆက်ဆံပုံကအစ စာဖတ်သက်ရင့်ကျက်သူဟာ လူကြီးလူကောင်း ဖြစ်နေပြီး၊ စာမဖတ်သူဟာ
တစ်ကိုယ်ကောင်းဆန်တဲ့ အမူအကျင့် ပိုရှိတာကို တွေ့ရလိမ့်မယ်။
ကျောင်းသားအရွယ်
ကလေးသူငယ်တွေကိုလည်း ကျွန်တော်သတိထားကြည့်မိတယ်။ ကျောင်းစာကို ချည်း တကုပ်ကုပ် ကျက်မှတ်နေတဲ့
ကလေးတွေဟာ စာတော်ချင်တော်မယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းတာများတယ်။ ကျောင်းစာသာမက
အပြင်စာအုပ် စာပေတွေကို အချိန်ပေးပြီး ဖတ်ရှုလေ့လာတဲ့ ကလေးတွေဟာ တစ်ကိုယ်ကောင်းစိတ်
နည်းပါးပြီး လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေ နေတတ်ကြတာ တွေ့ရတယ်။
ဒါကြောင့်
ယဉ်ကျေးလိမ္မာတဲ့ တိုင်းကြီးပြည်သားတွေ ဖြစ်ဖို့ဆိုရင် စာကောင်းပေမွန်တွေကို များများ
ဖတ်သင့်တယ်။ စာကောင်းပေမွန်တွေ များများဖတ်ခွင့်ရှိတဲ့ အခြေအနေကိုလည်း ဖန်တီးပေးသင့်တယ်လို့
ပြောချင်ပါတယ်။
(မောင်ဝံသ၊ ၂၀၀၉ ဧပြီလထုတ် Family မဂ္ဂဇင်းမှ)
လေးအိမ်စုဆရာတော်၏ စကားလက်ဆောင်တရားလက်ဆောင် ၂-စာအုပ်မှ။
0 comments:
Post a Comment