''Only two things are infinite,
the universe and human stupidity.''
အဆုံးအဆမရှိသော အရာနှစ်ပါးသာရှိသည်။
တစ်ခုမှာ စကြ၀ဠာကြီးဖြစ်၍၊ ကျန်တစ်ခုမှာ
လူသားတို့၏ မိုက်မဲမှုဖြစ်သည်။
အတော်မှန်သော အဆိုအမိန့်တစ်ခုဖြစ်ပါ၏။
လူသားတို့၏ မိုက်မဲမှုသည် စကြာဝဠာကြီးကဲ့သို့ပင် အဆုံးအဆမရှိလှအောင် အတိုင်းအဆမဲ့သည့်သဘော
ရှိနေပါ၏။
လူကိုအချို့က ဤသို့အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။
အကြင်နာနိုင်ဆုံးနှင့် အရက်စက်နိုင်ဆုံး၊ အရိုးသားဆုံးနှင့် အဆန်းကြယ်ဆုံး၊ အသိမ်မွေ့ဆုံးနှင့်
အခက်ထန်ဆုံး၊ အရက်ရောဆုံးနှင့် အဆုံးမရှိလောဘထားနိုင်သူ တစ်ခါတစ်ရံ အသိရအလွယ်ဆုံးဖြစ်တတ်ပြီး
တစ်ခါတစ်ရံ အသိရအခက်ဆုံးဖြစ်တတ်သူ။
လူသည်
အစွန်းနှစ်ပါးကြား ကျယ်ဝန်းသော အဓိပ္ပါယ်ရှိသူများ ခံစားပြုမူတတ်သူများဖြစ်၏။ အထူးသဖြင့်
ဗုဒ္ဓဘာသာ၏ အရိုးစင်းဆုံးသော အခြေခံဖြစ်သည့် ဣဿာမစ္ဆရိယကို လူအတော်များများက မမောမပန်း
ကျင့်သုံးနေကြသည်၊ လက်ခံနေကြသည်ကို တွေ့ရပါသည်။ အကုသိုလ်တရားများကို စက္ကန့်နှင့်အမျှ
ဝင်စေ/ထွက်စေ လက်ကမ်းနေခြင်းဖြစ်သည်။ ဘာသာရေး စကားလုံးကြီးများကို ဌာန်ကရိုဏ်းကျကျ
ပြောနေသူအတော်များများမှာပင် ဤအခြေခံစိတ်၊ အကုသိုလ်စိတ်တို့ စွဲမြဲစွာရှိနေကြောင်း
တွေ့ရသောအခါ ကိုယ့်ဘာသာဝင်တို့အတွက် အတော်ကလေး စိတ်မကောင်းဖြစ်မိရပါသည်။
စက်ဘီးစီးတုန်းက
ချစ်ခင်ခဲ့ကြသော သူငယ်ချင်းနှစ်ဦးတွင် တစ်ဦးကကားစီးသွားသောအခါ ကျန်တစ်ဦးက မုဒိတာပွားရမည့်အစား၊
ဆန့်ကျင်ဘက်စိတ်မျိုး ရောက်သွားတတ်သည်ကို တွေ့နေရလေ့ရှိသည်။ တချို့က မိုက်မဲမှုကို လူသတ်မှ၊
ဓားပြတိုက်မှဟု ထင်လေ့ရှိကြ၏။ မစ္ဆရိယစိတ်ကို ဖိတ်ခေါ်နေခြင်းကပင် မိုက်မဲမှုတစ်မျိုးဖြစ်သည်ကို
လူတိုင်းကောင်းစွာ သတိထားမိကြမည် မဟုတ်ပါချေ။ သေလျှင် ဘာမှယူသွား၍ မရသော လောကီသုခတို့အတွက်
အကုသိုလ်များဖြင့် လဲလှယ်နေကြခြင်းသာ ဖြစ်ပါ၏။
(နှိုင်းရသီဝရီနှင့်လောက၏အဓိပ္ပါယ်
- စာစုမှ / နေဇင်လတ်)
0 comments:
Post a Comment