ရဲဝံ့စွာ ခွဲထွက်လာခဲ့သူ…။
သူ့ခေတ် ဘာသာရေးတို့၏
အစဉ်အလာ လုပ်ထုံးလုပ်နည်းများကို
ပုန်ကန်ရန် မျိုးစေ့ချခဲ့သူ…။
အတွေ့အကြုံပေါ်တွင် အခြေခံ
ကိုယ်ကျင့်တရားကို အလေးအနက်ထား
အတ္တမပါသော အနတ္တသဘောတရားကို
စူးစူးရှရှ ပြတ်ပြတ်ထင်ထင်
ဖော်ညွှန်း အကောင်အထည်ဖော်သူ…။
တိုက်ပွဲမှ ထွက်မပြေးရန်…
ငြိမ်သက်တည်ကြည်စွာ ရင်ဆိုင်ရန်…
ကြီးပွားရေးနှင့် တိုးတက်မှုတို့အတွက်
ပိုမိုကြီးမားသော အခွင့်အလမ်းများကို
ရှာဖွေရန် တွန်းအားပေးသူ…။
(ပဏ္ဍစ်ဂျဝါဟလာနေရူး)
လူသားအားလုံး၏ လွတ်လပ်မှုကို
လူသားများ၏ ကိုယ်ပိုင်အခွင့်အရေးအဖြစ်
ခြွင်းချက်မဲ့ ပထမဆုံးကြွေးကြော် ပေါ်ထွက်လာခဲ့သူ…။
မငြိမ်းနိုင်သည့် ထာဝရ စေတနာမီးညွှန့်ကလေးကို
မွှေးပေးခဲ့သည့် ဘာသာတရားကို မျိုးစေ့ချခဲ့သူ…။
ဒုက္ခဟူသရွေ့ကို ခါးစည်းရင်ဆိုင် ဖြတ်သန်းကျော်လွှားပြီးမှ
ပြီးပြည့်ဝသော အာမခံမှုနှင့်
စိတ်ချရသော စွမ်းအင်တန်ခိုးတို့ကို
ရရှိတော်မူခဲ့သော ပုဂ္ဂိုလ်မြတ်…။
(ရာဘင်ဒရာနတ်တဂိုး)
ကမ္ဘာလောကကြီးအား
ပြီးပြည့်စုံသော ကိုယ်ကျင့်တရားကို
ပေးအပ်ခဲ့သည့် မဟာအတုလပုဂ္ဂိုလ်မြတ်။
လောင်မီးမြှိုက်မြှိုက် ဒုက္ခကမ္ဘာကြီးကို ကယ်တင်နိုင်ရန်
မိမိ၏ ထာဝရ မဟာတာဝန်အဖြစ်
အမြဲတမ်း နှလုံးပိုက်ထားနိုင်သူ။
အခြားသူများအတွက်
မိမိအသက်ကို စွန့်လွှတ်ရန်
တစ်သက်လုံး အဆင်သင့်ဖြစ်နေသည့်
အာဇာနည် ပုဂ္ဂိုလ်ကျော်။
(ဆွာမိဝိဝေကာနန္ဒ)
သမိုင်းစဉ်ဆက် ထူးကဲမြင့်မြတ်လှသော မဟာရုပ်ပုံလွှာ
လူယဉ်ကျေးတို့အား အမျိုးမျိုးသော
ဘက်စုံအမွှေအနှစ်ကို ပေးခဲ့သူ
လူသားမျိုးနွယ်ဆက် သမိုင်းကြောင်းကြီးကို
ပဲ့တင်ထပ်စေသူ
သစ္စာတရားကို မြတ်နိုးသူတို့
စုဝေးခိုလှုံရာ
အကျင့်သီလ၊ အသိပညာ
တုနှိုင်းမဲ့ မေတ္တာတို့ဖြင့်
အကြွင်းမဲ့ ပြီးပြည့်ဝသည့် မဟာလူသား။
(အိန္ဒိယသမ္မတကြီး ရှရီရာဓာခရစ်ရှနာ)
အလုံးစုံ ပြီးပြည့်ဝနေသည့် သင်္ကေတလက္ခဏာ
တည်မြဲသည့် ငြိမ်းချမ်းမှုနှင့်
မှေးမိန်မသွားသည့် အလင်းရောင်တို့ကို
ဖော်ညွှန်းနေသော ရုပ်ပုံလွှာ
ကြီးကြီးငယ်ငယ် အရာဝတ္ထုအားလုံး
တစ်ခုတည်းသော အလျဉ်
တစ်ခုတည်းသော စီးကြောင့်မှ
ဖြစ်လာသည်ဟု ခံယူမှု
တစ်ခုတည်းသော အကြောင်းကြောင့်
အားလုံး၏ ဖြစ်ပေါ်မှု
ဇာတိနှင့် မရဏစက်ရဟတ်များ
လည်ပတ်မှု သဘောတရားကို
အရိုးဆုံး အရှင်းဆုံး မိန့်မြွတ်ခဲ့သူ။
(ကမ္ဘာကျော် နိုဘယ်ဆုရှင် ဂျာမန်စာရေးဆရာကြီး ဟာမန်ဟက်စ်)
လူသားတို့အား မရဏ၏ ဘေးဘယာထဲမှ
ရွေးထုတ်ပေးတော်မူခဲ့သူ
ဘ၀၏ ၀န်ထုပ်ဝန်ပိုး အောက်တွင်
ဗျာများနေသူတို့အား
ငြိမ်းချမ်းမှုကို ပေးအပ်ခဲ့သူ
တရစပ် ပြောင်းလဲဖောက်ပြန်ဆူပူနေသော
အနိစ္စတရားထဲမှ
ထာဝရတည်မြဲ အေးချမ်းနေသော
နိစ္စတရားကို ရှာတွေ့သူ။
(ဒေါက်တာပေါကေရစ်)
ကမ္ဘာလောကကြီးကို ထွန်းလင်းစေရာဝယ်
နေမင်းနှင့် လမင်းကဲ့သို့
အညီအမျှလင်း ထာဝရအလင်းကို
ထွန်းလင်းစေခဲ့သည့် မဟာလူသား
ကမ္ဘာလောကကြီးအတွက်
မဟာမေတ္တာရှင် မဟာဖခင်ကြီး
ဝေဒနာသည် ကမ္ဘာလောကသားတို့အတွက်
အားကိုးအားထားရာ
ဘေသဇ္ဇဂုရု မဟာသမားတော်ကြီး
(ပါမောက္ခ ဒေါက်တာဝင်တာနစ်)
နှစ်အသင်္ချေကြာမှ
တစ်ခါသာ ပွင့်လာနိုင်သည့်
ပွင့်လာပြီးလျှင်လည်း
ကမ္ဘာလောကကြီး တစ်ခုလုံးကို
ပညာရနံ့နှင့် မေတ္တာပျားရည်တို့
လွှမ်းစေမည့်
လူသားသစ်ပင်က ပွင့်လာသည့်
နတ်ပန်းပွင့်တစ်ပွင့်
(ဆာအက်ဒွင်အာနိုးလ်)
အားလုံးအတွက် မျှော်လင့်ချက်
ထာဝရတည်ရှိမှု
ထာဝရ ရှင်သန်နေသော
အတိုင်းအဆမဲ့ မေတ္တာတရား
မင်းသားတစ်ယောက်၏
အကောင်းဆုံး အရည်အချင်းများကို
ပညာရှင်တစ်ဦး၏ အသိဉာဏ်
အာဇာနည်တစ်ဦး၏ အာသွန်ဖွံ့ဖြိုးမှုတို့နှင့်
ပေါင်းစည်းညီညွတ်ထားသည့်
စင်ကြယ်မှု ပြည့်ဝမှု မြင့်မြတ်မှုတို့၏ ရုပ်ပုံလွှာ
အဆုံးစွန်သော ကောင်းကျိုးများကို
မပျက်ပြားစေနိုင်သည့်
ယုံကြည်မှု အခြေခံသဘောတရားကို
ဖော်ထုတ်ခဲ့သူ။
သူဟောထားသမျှ
သူ့တရားဓမ္မများ၏
ပြီးပြည့်ဝသော သက်ရှိပြရုပ်။
(ဆာအက်ဒွင်အာနိုးလ်းဒ်)
စကြာဝဠာ တစ်ခုလုံး
ကိုယ်းကွယ်ရမည့် ဘာသာတရား
သဘာဝတရားနှင့် ဘာသာတရား
နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့
ဘာသာတရား
သိပ္ပံနည်းကျ လိုအပ်ချက်များကို
ဖြည့်ဆည်းပေးနိုင်သည့်
ဘာသာတရား။
(အဲလ်ဘတ်အိုင်းစတိုင်း)
သူဟောသမျှ သူ့တရားဓမ္မ၏
သက်ရှိပြရုပ်
အကြွင်းမဲ့ ပြီးပြည့်စုံသည့်
အကောင်းဆုံးသော ကိုယ်ကျင့်တရားကို
ဖော်ထုတ်ခဲ့သူ
ဒုက္ခတွင်းမှ လွတ်မြောက်နည်းနှင့်
မရဏစက်ရဟတ် ပြတ်သွားစေနိုင်သည့်
နည်းဥပဒေသများကို လမ်းညွှန်ခဲ့သူ။
(ပါမောက္ခမက်စ်မူလာ)
တစ်ကမ္ဘာလုံးက
အချိန်အကန့်အသတ်မရှိ စံထားရမည့်
ပြီးပြည့်စုံသည့် လူသားအဖြစ်ကို
ရုပ်လုံးဖော်ပြသူ
ပညာတရားနှင့် အကြင်နာတရားတို့
နှစ်သက်မြတ်နိုးစဖွယ် ပေါင်းစပ်ထားသူ
ကိုယ်တိုင်ကိုယ်ကျ ရေဆုံးမြေဆုံး
လက်တွေ့ ကျင့်ကြံအားထုတ်ပြီးခါမှ
လက်တွေ့ သဘာဝဓမ္မများကို
ဖော်ထုတ် အကောင်အထည်ဖော်သူ။
(အရှင်ဉာဏတိလောက/ဂျာမန်ဘုန်းတော်ကြီး)
ကနဦး စံပြအနေဖြင့်
ငါစွဲုအတ္တကို ဖြုတ်နိုင်စွမ်းခဲ့သူ
ပြိုင်ဘက်ကင်း အတုမဲ့ အောင်နိုင်သူ
ကမ္ဘာကြီးကို မေတ္တာဖြင့် အုပ်ချုပ်သူ
ကျိုးကြောင်းဆက် နိယာမကို ဖော်ထုတ်ခဲ့သူ
ကမ္ဘာကြီးအား
ထာဝရ အမှန်တရားမီးအိမ်ကို
ထွန်းညှိပေးခဲ့သူ။
(ဆရာတော် ဦးလောကနာထ)
လူသားဝန်ကျင်မှ လူမှုဒုက္ခများကို
ထောင့်စေဖြေရှင်ပေးထားသည့် ဒေသနာ
အာသာရမ္မက် ပိုင်ဆိုင်လိုမှုနှင့်
မနာလို ၀န်တိုမှုတို့သည်
လူမှုရေးရောဂါများ၏
ပင်မအကြောင်းအရင်း ဖြစ်သည်
ကံသုံးပါးစလုံး
ကာလသုံးပါးစလုံး
ထာဝရ သတိရှိကြ။
ဘယ်အချိန်မှာမှ
ဘယ်အလုပ်ကိုမှ
သတိလက်လွတ် မလုပ်ကြနှင့်
မျက်ကန်း မယုံကြည်လင့်
စောကြော စိစစ်ရွေးချယ်ပြီးမှ
ယုံကြည်ပါလေ။
(ဆရာတော် သဒ္ဓါတိဿ)
ကမ္ဘာကြီးတစ်ခုလုံးအား
ပညာနှင့် ကရုဏာတည်းဟူသော
ရောင်ခြည်အစုံဖြင့်
အလင်းဓာတ်နှင့် အနွေးဓာတ်များပေးလျက်
ဘ၀သံသရာတွင်း၌
ရုန်းကန်လှုပ်ရှားနေကြရသော သတ္တ၀ါတို့အား
ချမ်းမြေ့ဖွယ်အလင်းကို ရရှိစေခဲ့သူ
ဇာတ်ခွဲခြားရေးစနစ်ကို
အပြင်းအထန် ကန့်ကွက်ခဲ့သူ
မိန်းမသားများကို
ဂုဏ်သိက္ခာရှိသော မိခင်နေရာသို့
ပို့ဆောင်ပေးခဲ့သူ
စည်းလုံးညီညွတ်မှုကို ဖြစ်စေနိုင်သည့်
အမြင့်မြတ်ဆုံးသော ၀ါဒရှင်
တစ်ကမ္ဘာလုံးကို မြှင့်တင်ပေးနိုင်သည့်
တစ်ခုတည်းသော မောင်းတံကို
ဖန်တီးခဲ့သူ။
(အရှင်နာရဒ မဟာထေရ်)
လူ့စွမ်းရည်ကို
အပြည့်အ၀ အသုံးချသော
ဘာသာတရား
ညီမျှသော လူ့အခွင့်အရေးကို
ပေးအပ်သည့် ဒေသနာ
တိုးတက်လာမည့် သိပ္ပံပညာနှင့်
အံဝင်ခွင်ကျ ဘာသာတရား
စစ်တားဆီးရေးနှင့်
ရာဇ၀တ်မှု ပပျောက်ရေး
တွန်းအားပေးသည့် ဘာသာတရား။
(အာနန္ဒမေတ္တယျ/ ဟင်နရီအယ်လင်ဘင်းနက်)
လူသားတို့၏ တန်ဖိုးးကို မြှင့်တင်ပေးသူ
ဘာသာရေးဆိုင်ရာ သမိုင်းတစ်လျှောက်
ဘာသာရေးနှင့် ပတ်သက်ပြီး
အတုမဲ့သြ၀ါဒကို မြွက်ကြားသူ
လွတ်လပ်စွာ ကိုးကွယ်မှုကို
ကနဦး ကြွေးကြော်ခဲ့သူ။
(ဒေါက်တာဝါလ်ကိုလာရာဟုလာ)
ခေတ်များ ပြောင်းလဲသွားသော်လည်း
အမြဲတမ်း မှန်ကန်နေသည့် ဒေသနာ
အချိန်မရွေး လက်တွေ့ စမ်းသပ်ခံနိုင်သည့်
ထာဝရအမှန်တရား
ကာမဂုဏ် သုခချမ်းသာထက်
အမြင်မှန်ကန်မှု သုခချမ်းသာက
ပိုမို၍ အကျိုးရှိကြောင်း ဖော်ညွှန်းပြီး
မီးမောင်းထိုးပြထားသော
အမတသုခ ဘ၀ကျင့်စဉ်
အတ္တလွန်ဝါဒကို
ထိန်းချုပ်ပေးနိုင်သည့်
လောကတ္ထစရိယကျင့်စဉ်
(ဒွိုက်ဂေါဒတ်)
ကမ္ဘာလောကကြီး၏
အယူသီးမှု ရွှံ့နွံရေအလျဉ်ကြီးကို
ပထမဆုံး တားဆီးခဲ့သူ
အောက်ဆုံးလွှာ ၀ိုင်းပယ်ခံ
လူတန်းစားများကို
ဘုရင့်စားတော်ဆောင်သို့
ရောက်ရှိသွားအောင်
ခေါ်ဆောင်နိုင်စွမ်းသူ။
(မဒမ်ဗလာဘက်စကီး)
မေတ္တာမဏ္ဍိုင်ပေါ်တွင်
ခိုင်မြဲစွာ ရပ်တော်မူလျက်
လောကသားအားလုံးတို့၏ ဒုက္ခကို
မဟာကရုဏာတော်ဖြင့် ကုစားပေးသူ
လူသားတို့၏
နှလုံးသားလွင်ပြင်ပေါ်တွင်
မပျောက်ပျက်နိုင်သော အမှတ်အသား
ခြေတော်ရာများကို ချပေးထားခဲ့သူ။
(ဗုဒ္ဓမြတ်စွာအပေါ် အိန္ဒိယပြည်သူတို့အမြင်)
0 comments:
Post a Comment